Monday, July 1, 2019

ဖမ်းဝရမ်းထုတ်ခံရသော သံဃာအချို့ တစ်သက်လုံး ၀ရမ်းပြေးအဖြစ်ခံမည်လားဟု သာသနာရေးဝန်ကြီး မေးခွန်းထုတ်

ဖမ်းဝရမ်းထုတ်ခံရမှု ကြောင့် ပုန်းရှောင်နေသော ဦးဝီရသူအနေဖြင့် အဖမ်းမခံဘဲ တစ်သက်လုံး ၀ရမ်းပြေးအဖြစ် ခံယူမည်လားဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က မေးခွန်းထုတ်လိုက်သည်။ သို့သော် လူမြင်ကွင်းများနှင့် ဆန္ဒပြပွဲများတွင် ပါလာပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုက ပြောသည်။



ဖမ်းဝရမ်း ထုတ်ခံရမှုကြောင့် ပုန်းရှောင်နေသော ဦးဝီရသူနှင့် သံဃာအချို့အပေါ် မည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိပါသ လဲဟု 7Day Daily သတင်းစာက ဇွန်လ ၂၉ ရက်တွင် မေးမြန်းရာ သူရဦးအောင်ကိုက အထက်ပါအတိုင်း ပြောသည်။

‘‘ဖမ်းဝရမ်း ထုတ်ထားလို့ ပုန်းရှောင်နေတဲ့ ရဟန်းသံဃာတချို့နဲ့ ပတ်သက်ပြီးတော့ပေါ့လေ။ အာဏာစက်အရ အရေးယူဆောင်ရွက်ရမယ့် အဖွဲ့အစည်းရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လိုပေါ့။ သူတို့လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဖမ်းမမိ၊ အဖမ်းမခံလို့ တစ်သက်လုံး ဝရမ်းပြေးအဖြစ်ခံမလား။ အဲဒါဆိုလည်း ပြေးပါစေ။ သို့သော် လူမြင်ကွင်းမှာ ဆန္ဒဖော်ထုတ်တဲ့ နေရာတွေမှာ ပါလာရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချက်ချင်းပဲ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

 ဦးဝီရသူကို နိုင်ငံတော် အကြီးအကဲများအပေါ် မဖွယ်မရာ စကားလုံးများ သုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေး စသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့်တရားစွဲဆို ဖမ်းဝရမ်းထုတ်ထား သည်။

ဦးဝီရသူသည် လက်ရှိအချိန် ထိ ထွက်ပြေးပုန်းရှောင်နေပြီး တစ်လကြာသည်အထိ ဖမ်းမိခြင်းမရှိသေးပေ။ ထို့အပြင် ဦးဝီရသူ နည်းတူ ဖမ်းဝရမ်းထုတ်ခံရသည့် သံဃာနှစ်ပါးရှိသည်။

၂၀၁၇ မေလ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်း၌ ဖြစ်ပွားသော ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သော သံဃာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကိုပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့်တရားစွဲဆို ဖမ်းဝရမ်းထုတ်ခဲ့ သည်။

သို့သော် သံဃာနှစ်ပါးဖြစ် သော ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့အနက် ဦးပညာဝံသကို ရဲတပ် ဖွဲ့က ဇွန်လ ၁၀ ရက်တွင် ဖမ်းဆီး ခဲ့သည်။ ထို့ကြောင့် ဦးသုစိတ္တကို ဖမ်းဆီးရန် ကျန်ရှိနေသေးပြီး ယင်းဖြစ်စဉ်တွင်ပါဝင်သော လူပုဂ္ဂိုလ်ငါးဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

 ထို့အပြင် လက်ရှိအစိုးရနုတ်ထွက်ပေးရန် ရန်ကုန်မြို့ကြေးသွန်းဘုရားရှေ့တွင် ၂၀၁၇ ဩဂုတ် ၂ ရက်မှ ၅ ရက်အထိ လေးရက်ကြာ သပိတ်စခန်းဖွင့် တောင်းဆိုသူများအနက် ဦးပညာဝံသ အပါအ၀င် သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်ရှစ်ဦး စုစုပေါင်း ၁၀ ဦးကို ပုဒ်မ ၅၀၅(ခ)ဖြင့် ဗဟန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။ ၎င်းတို့အနက် ဦးပညာဝံသနှင့် အောင်သွေးဘော်တို့ကိုသာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သံဃာတစ်ပါးနှင့် လူပုဂ္ဂိုလ်ခုနစ်ဦးကို ဖမ်းဆီးရန် ကျန်နေသေး သည်။

ဦးဝီရသူအပေါ် အရပ်ဘက်တရားရုံးက မည်ကဲ့သို့ဆုံးဖြတ်ချက်ချသည်ဖြစ်စေ သံဃနာယကအဖွဲ့က ဓမ္မစက်ဖြင့် ဆက်လက် အရေးယူမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။

သို့သော် ဦးဝီရသူက ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းသာ လက်ခံမည်ဖြစ်ပြီး ဆရာတော်ကြီးများ၏ ဓမ္မစက်

ကိုကျော်လွန်၍ အာဏာစက်ဖြင့် မည်သည့် အရေးယူမှုကိုမျှ ဆရာတော်ကြီးများ ရှေ့မှောက်တွင်  လက်ခံမည်မဟုတ်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် ဦးဝီရသူ အမှုကို တရားရုံးက မျက်ကွယ်၌ စစ်ဆေးနေသည်။ လာမည့်ရုံးချိန်းကို ဇူလိုင် ၂ ရက်တွင် ပြန်လည်ချိန်း ဆိုထားပြီး ယင်းနေ့၌ နောက်ထပ် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးရန် ဆင့်ခေါ်ထားသည်။ ထို့ကြောင့် ရုံးချိန်းတစ်ချိန်း တွင် တရားလိုပြသက်သေသုံးဦး ထိ ဆင့်ခေါ်စစ်ဆေးပါက စုစု ပေါင်း နောက်ထပ်ရုံးချိန်း နှစ်ချိန်းသာ စစ်ဆေးရမည်ဖြစ်သည်။

No comments:

Post a Comment