Monday, July 1, 2019

အသက်အာမခံအပါအဝင် အထွေထွေအာမခံ အမျိုးအစားများကို ပြည်သူများစိတ်ဝင်စားမှု နည်းပါးဆဲ

အသက်အာမခံအပါအဝင် အထွေထွေအာမခံ အမျိုးအစားများကို ပြည်သူများစိတ်ဝင်စားမှု နည်းပါးဆဲဖြစ်၍ အာမခံအသိပညာပေးရန် အထူးလိုအပ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ ရန်ကုန်မြို့ ကမ်းနားလမ်း မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် မြန်မာ့အာမခံလောက ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် အာမခံ ဝန်ဆောင်မှု လုပ်ကိုင်နေသောအဖွဲ့များ တွေ့ဆုံပွဲတွင် ဥက္ကဌ က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။



လက်ရှိအာမခံ စီးပွားရေးသည် ဒေသအတွင်းတွင် အဆင့်နည်းပါး လျက်ရှိသေးကြောင်း၊ အသက်အာမခံအပါအဝင် အထွေထွေအာမခံ အမျိုးအစားများကို ပြည်သူများစိတ်ဝင်စားမှု နည်းပါးဆဲ ဖြစ်၍ အာမခံအသိပညာ ပေးရန် အထူးလိုအပ်ကြောင်း၊ အာမခံနယ်ပယ်တွင် လုပ်ကိုင်သောဝန်ထမ်းများ၊ အာမခံ ကိုယ်စား လှယ်များကို လည်း နိုင်ငံ တကာအဆင့် အသိ အမှတ်ပြုအာမခံပညာအဆင့်ရောက်အောင် သင်တန်း ကျောင်းများ စနစ်တကျဖွင့်လှစ်သင်ကြားပေးရန် လိုအပ် ကြောင်း၊ မကြာမီဝင်ရောက်လာမည့် နိုင်ငံခြားအာမခံ ကုမ္ပဏီများကိုလည်း စိစစ်ခွင့်ပြုပြီး လုပ်ငန်းလိုင်စင်များ ချပေးတော့မည်ဖြစ်၍ ကောင်းသည့်နည်းပညာများ အတုယူခြင်းဖြင့် မြန်မာ့အာမခံလောကဖွံ့ ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ကြောင်း၊ အာမခံအသင်းကြီး၏ လက်ရှိလုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုအားပေးကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းကပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦး နှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment