Monday, July 1, 2019

လိင်အကြမ်းဖက်ခံရသည့် ကလေးမှု စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သမ္မတရုံးပြောကြား

နေပြည်တော် Wisdom Hill မူကြိုကျောင်းက နှစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမှု ကြန့်ကြာနေတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်ကနေ ဒီနေ့မနက်က အသိပေးထုတ်ပြန်ပါတယ်။



သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အဲဒီအမှုအခြေအနေတွေကိုမေးမြန်းပြီး အကြီးအကဲတွေဆီ တင်ပြပေးနေတဲ့အကြောင်း၊ အမှုစစ်ဆေးဖော်ထုတ်တာ ကြန့်ကြာနေတာကိုလည်း အသေးစိတ်မေးမြန်းထားတဲ့အကြောင်း၊ ဒီအမှုမှန်ပေါ်ပေါက်ဖို့ အချိန်ပေးနေရတာဖြစ်တဲ့အကြောင်း၊ စစ်ဆေးဖော်ထုတ်နေဆဲကိစ္စဖြစ်တာကြောင့် အသေးစိတ်ကို ပြောကြားဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ရေးသားထားပါတယ်။

အဲ့ဒီကလေးအတွက် အမှုမှန်ပေါ်ပေါက်ရေး ရေးသားချက်တွေကို မြန်မာနိုင်ငံ သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတွေရဲ့ Message box နဲ့ Comment တွေကနေ လက်ခံရရှိတဲ့အကြောင်း၊ ဒီကိစ္စဖြစ်တာ စသိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အမှုမှန်ပေါ်အောင်ဖော်ပါလို့ နှုတ်နဲ့မှာကြားထားတဲ့အကြောင်းကိုလည်း ဦးဇော်ဌေးက ရေးသားထားပါတယ်။

နောက်ပြီး အစိုးရ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့အရေးယူတာတွေ ဆောင်ရွက်ဖို့ကိုလည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားတဲ့အကြောင်း၊ အစိုးရပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကကျောင်းပဲဖြစ်ဖြစ် ကျောင်းပရ၀ုဏ်ဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံမှုကို ဦးစားပေးရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီအမှုကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ ခံစားချက် လိုလားချက် တောင်းဆိုချက်တွေကို ကောင်းကောင်းနားလည်ပြီး ပြည်သူတွေနဲ့အတူ အမြန်ဆုံး အမှုမှန်ပေါ်ဖို့ လိုလားတဲ့အကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ဖို့ အချိန်တစ်ခုကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒီအမှုကို ဖော်ထုတ်အရေးယူရေးလှုပ်ရှား တောင်းဆိုဆန္ဒဖော်ထုတ်တာတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

တောင်းဆိုသူတွေဟာ မနေ့ညကစပြီး ဒီနေ့မနက်ပိုင်းအထိ နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ လူကယ်ပြန်၊ ပညာရေး စတဲ့ ၀န်ကြီးဌာနတွေနဲ့ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးဖို့၊ ပြည်သူတွေ တရားဥပဒေကို ပိုပြီးလေးစားလိုက်နာဖို့၊ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒီကလေးကို ပြစ်မှုကျုးလွန်တဲ့တရားခံကို ဖော်ထုတ်ပေးဖို့ ရေးသားတောင်းဆိုကြတာကို တွေ့ရပါတယ်။

No comments:

Post a Comment