
“လက်မှတ်လည်းမပါသွားဘူး ပတ်စပို့လည်း မပါသွားဘူး ခြံမှာအလုပ်လုပ်ရင်းနဲ့ ရဲဝင်ဖမ်းလို့အဖမ်းခံခဲ့ရတယ်။ ဘာမှမပါသွားတော့ အမိန့်ချတာ နည်းနည်းများသွားတယ်။ ဒီရက်ပိုင်းမှာ ၂နှစ်အောက်သမားတွေ လွှတ်လိုက်တယ်။ တကယ်လို့ အပြစ်ဒဏ်ကြီးတဲ့သူကတော့ နှစ်နှစ်ထက်ကျော်သွားရင်တော့ သဘောကတော့ (၆)ပုံ (၁)ပုံဆိုသလို ဆေးသမားဆို ခြောက်ပုံ တစ်ပုံ ရိုးရိုးဆိုရင် (၃)ပုံ (၁)ပုံလိုမျိုးပေးသွားကြတာ။ တစ်ချို့လည်း (၁၄)ရက် (၁၅)ရက်နဲ့ လွှတ်တာတွေရှိတယ်။ ထောင်တွေမှာတော့ အများကြီးလွှတ်ကြတာရှိတယ်။ ကျွန်တော်က ထောင်ထဲမှာတော့ ၂နှစ်ပြည့်အောင် မနေခဲ့ရပါဘူး လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ဖြစ်လို့ ၁နှစ်ကျော်ကျော်လေးပဲနေခဲ့ရတယ် သူတို့အမိန့်ချတာ ၂နှစ်နဲ့၆လကျပါတယ်” လို့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီး ရွေ့ပြောင်းအလုပ်သမားလွှဲပြောင်းရာမှာ ပါဝင်လာတဲ့ တာချီလိတ်မှာ နေထိုင်သူတစ်ယောက်က ပြောပြပါတယ်။ သူက ထိုင်းနိုင်ငံကို တရားမဝင်ခဲ့ပြီး ဥယာဉ်ခြံမြေတစ်ခုမှာ အလုပ်လုပ်နေတာ (၆)လကြာမြင့်မှ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးရာမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက် လုပ်ကိုင်နေတဲ့အတွက် (၂)နှစ်နဲ့(၆)လပြစ်ဒဏ်ဖြင့် နေထိုင်ခဲ့ရပြီး လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ထိုင်းဘုရင်နန်းတက်တဲ့ အထိမ်းအမှတ်နဲ့ ထိုင်းနိုင်ငံက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ ထိုင်းနိုင်ငံမှာ ထောင်ကျနေတဲ့ မြန်မာနိုင်ငံသား (၅၈)ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
No comments:
Post a Comment