
အဆိုပါဆိပ်ခံတံတားသစ်မှာ လက်ရှိတွင် သင်္ဘောများဆိုက်ကပ်ခြင်းမရှိသေးဘဲ ဆိပ်ကမ်းအား ကိုင်တွယ်မည့်ကုမ္ပဏီထံသို့ လွှဲပြောင်းပေးအပ်ပြီး၊ ဆိပ်ကမ်းအား ဖွင့်လှစ်ပြီးမှသာ ဆိပ်ကမ်းလုပ်ငန်းများကို လက်ခံဆောင်ရွက်သွားမည်ဟု သိရသည်။ “လာမည့် ဇွန် ၁ ရက်မှာ ဆိပ်ကမ်းဖွင့်ပွဲ လုပ်ပြီးတာနဲ့ သင်္ဘောတွေစတင်ဆိုက်ကပ်ပြီး ဆိပ်ကမ်းလုပ်ငန်းတွေကို လက်ခံဆောင်ရွက်သွားမှာပါ”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှပိုင်ဆိုင်သည့် မြေကွက်များပေါ်တွင် မြေကွက်တစ်ကွက်လျှင် (၂ဝဝမီတာ × ၇၅၀ မီတာ) ရှိ မြေကွက် ၃၇ ကွက်အား ဖော်ဆောင်ကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံများ အားဖိတ်ခေါ်ကာ ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် မြေကွက်အမှတ် ၂၅နှင့် ၂၆ ပေါ်တွင် နိုင်ငံတကာအဆင့်မီ အထွေထွေ ကုန်စည်နှင့် ကုန်သေတ္တာတင်ချ ပြုလုပ်နိုင်သော ဆိပ်ခံတံတားနှစ်စင်းနှင့် ဆိပ်ကမ်းဆိုင်ရာအဆောက်အုံများ၊ ကုန်ကိုင်တွယ်စက်ကိရိယာများအား ဝယ်ယူတပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါဒေသတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူညီဖြစ်သည့် ဂျပန်ယန်း ၂၃၄၈၀ မီလီယံ (အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ခန့်) ဖြင့် တည်ဆောက်ထားသည့် ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများတွင် ၄၀ဝ မီတာ×၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type)၊ ၈၀-၉၀ မီတာ × ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတားသုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အုံများတည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်စက်ကိရိယာများဖြစ်သည့် Quay Crane နှစ်စင်း၊ RTG ခြောက်စင်း၊ Reach Stacker သုံးစင်း၊ Trailer ခြောက်စင်းနှင့် Chassis ခြောက်စင်းတို့အား ဝယ်ယူတပ်ဆင်ထားကြောင်း သိရသည်။
စီမံကိန်းတည်ဆောက်ရေးကာလမှာ ၂၀၁၆ခုနှစ်၊ ဇွန်လတွင် စီမံကိန်းလုပ်ငန်းများ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သီလဝါဧရိယာ၊ အခြေခံအဆောက်ဦများ ဖွံ့ဖြိုးတိုးတက်ရေး သီလဝါဆိပ်ကမ်းဒေသသို့ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်း ပထမအဆင့်အတွက် ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့အကြား ချေးငွေစာချုပ်များကို ၂၀၁၃ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် စာချုပ်ချုပ်ဆို၍ စီမံကိန်းအတွက် အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် နီပွန်ကိုအိကုမ္ပဏီမှ Consulting Services လုပ်ငန်းများကို ၂၀၁၄ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၂၀၁၅ခုနှစ်၊ စက်တင်ဘာလတွင် နီပွန်ကိုအိကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
တည်ဆောက်ရေးကန်ထရိုက်တာအတွက် ၂၀၁၅ခုနှစ်တွင် Price Bid Opening ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးကန်ထရိုက်တာအဖြစ် စီစစ်ရွေးချယ်ခဲ့သော ToYO – JFEE Joing venture နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နှစ်ဖက်သဘောတူစာချုပ်ကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment