
ကွာလာလမ်ပူတရားရုံးတွင် လာရောက်စစ်ဆေးခံသည့် ရီဇာအာဇစ်က ငွေကြေးခဝါချမှုစွဲချက် ငါးခုအတွက် ၎င်းတွင် အပြစ်မရှိဟု ထွက်ဆိုခဲ့သည်။ အာဇစ်သည် 1MDB မှ လွှဲပြောင်းပေးခဲ့သည့် ဒေါ်လာ ၂၄၈.၁၇ သန်းကို ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်အတွင်း လက်ခံရရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ယင်းငွေများသည် Red Granite Pictures ကုမ္ပဏီ၏ ဘဏ်စာရင်းသို့ ပေးပို့ခဲ့သည့် ငွေများဖြစ်သည်ဟု စွဲချက်အရ သိရသည်။
လီယိုနာဒိုဒီကာပရီယို အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် The Wolf of Wall Street ဇာတ်ကားအပြင် ဂျင်မ်ကာရေး ပါဝင်သရုပ်ဆောင်ထားသည့် Dumb and Dumber To ဇာတ်ကားနှင့် မက်ဝေါလ်ဘာ့ဂ်ျ၏ Daddy’s Home ဇာတ်ကားတို့ကိုလည်း ထုတ်လုပ်ခဲ့သည်။
ဒီကာပရီယိုသည် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည့် (၇၁)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် The Wolf of Wall Street ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဆုလက်ခံစကားပြောကြားရာတွင် မစ္စတာအာဇစ်ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ခြစားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူများကအာဇစ်ကို စစ်ဆေးမေးမြန်ခဲ့ပြီးနောက် ၎င်းသည် ဇူလိုင် ၄ ရက်တွင် မလေးရှား၌ ဖမ်းဆီးခံခဲ့ရသည်။ သို့သော်လည်း အာဇစ်သည် အာမခံငွေ ဒေါ်လာ ၂၄၀၀၀၀ (ရင်းဂစ် တစ်သန်း)ဖြင့် လွတ်မြောက်ခဲ့သည်။
“အာဇစ်ရခဲ့တဲ့ငွေတွေက 1MDB နေထွက်လာတာ။ အဲဒီငွေတွေဟာ အရှုပ်တော်ပုံနဲ့ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှစ်ခုကနေတစ်ဆင့် စီးဆင်းလာတာ” ဟု အစိုးရရှေ့နေက ပြောကြားခဲ့သည်။
Red Granite ကုမ္ပဏီသည် ခိုးယူထားသည့် ငွေများဖြင့် ငွေကြေးထောက်ပံ့မှုရရှိခဲ့သည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။
No comments:
Post a Comment