

ဖြစ်စဉ်မှာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်နှင့်တာဝန်ကျ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များသည် ပုံမှန်စစ်ဆေးရေးလုပ်ဆောင်နေပြီး သတင်းအရ ၂၀၁၉ ခုနှစ် ဇူလိုင်လ(၆)ရက်နေ့နေ့လည်(၁၂)နာရီအချိန်က စောင့်ဆိုင်းနေစဉ် မန္တလေး မှ မူဆယ် မြို့ဘက်သို့ထွက်ခွာလာသည့် ယာဉ်အမှတ် 3G----------- ယာဉ်အား မသင်္ကာ၍ နောက်မှထပ်ကြပ်မကွာလိုက်ကာ ဖမ်းဆီးခဲ့သည်။ ထိုသို့လိုက်လံဖမ်းဆီးရာ ယာဉ်မှာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း အနီးရှိ ပန်ဆုံရွာထဲသို့အတင်းမောင်းနှင်ထွက်ပြေးခဲ့ပြီး ကျေးရွာ အတွင်းရှိနေအိမ်ခြံဝင်းတစ်ခုအားတိုက်မိကာ ယာဉ်မောင်းဖြစ်သူမှာ ကားအား ထားချန်ခဲ့ကာ ထွက်ပြေးသွားခဲ့သည်ဟုဆိုသည်။
'' ပူးပေါင်းအဖွဲ့တွေ နောက်ကနေလိုက်ကြတော့ အတင်းထွက်ပြေးသွားပြီး ရွာထဲကအိမ်ခြံတစ်ခုကိုတိုက်ပစ်တာ ကားကျန်ခဲ့တယ်။ ကားကိုစခန်းအတွင်း ယူဆောင်စစ်ဆေးခဲ့ရာမှာ အံဝှက်အတွင်းသယ်ဆောင်လာတဲ့ ကျောက်စိမ်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်'' ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင် က ဆိုသည်။
ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းအရွယ်အစားမျိုးများမှာ စုစုပေါင်းခန့်မှန်းအလေးချိန် (၇၃၅)ကီလိုဂရမ်ရှိပြီး ခန့်မှန်းတန်ဖိုး အားဖြင့် ငွေကျပ်(၃၆၇)သိန်းကျော် ရှိသည်ဟုသိရပြီး သက်ဆိုင်ရာဌာနအသီးသီးသို့လွှဲပြောင်းပေးအပ်ကာ သိန္နီမြို့မ ရဲစခန်းတွင်အမှု့ဖွင့်အရေးယူဆောင်ရွက်ထားရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment