
ဆန္ဒပြသူရာပေါင်းများစွာသည် ရဲတပ်ဖွဲ့၏ ပိတ်ဆို့ထားမှုကို အောင်မြင်စွာဖြတ်ကျော်၍ ဆန္ဒပြလှုပ်ရှားမှု၏ သင်္ကေတတစ်ခုဖြစ်သော အဓိကစာတိုက်ရုံးသို့ ချီတက်ခဲ့ကြသည်။ ပြင်သစ်လက်အောက်မှ အယ်ဂျီးရီယား လွတ်လပ်ရေးရရှိမှု ၅၇ နှစ်ပြည့် နှစ်ပတ်လည်ကို ရည်ညွှန်းလျက် လွတ်လပ်ရေးကြိုးပမ်းမှု စစ်ပွဲအတွင်း သေဆုံးခဲ့သူများအား ဂုဏ်ပြုသည့် ကြွေးကြော်သံများကို ဆန္ဒပြသူအချို့က အော်ဟစ်ခဲ့ကြသည်။
အယ်ဂျီးရီးယား၏ ဒေသ ၄၈ ခုအနက် ၂၁ ခုထက်မနည်းတွင် ထိုစုဝေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း အစိုးရသတင်းအေဂျင်စီ APS က ဖော်ပြခဲ့သည်။ ဆန္ဒပြသူတစ်ဒါဇင်ခန့်လည်း ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။
စာတိုက်ရုံးအနီး ရဲကားဒါဇင်များစွာက စောင့်ဆိုင်းနေစဉ် စာတိုက်ရှေ့မြေပြန့်နေရာ မှ ၁၀ ကိုက်ခန့်အကွာ၌ ဆန္ဒပြသူများအား ပိတ်ဆို့ထားရန် အဓိကရုဏ်းနှိမ်နင်းရေး ရဲများက ကြိုးပမ်းခဲ့ကြသည်။ ဆန္ဒပြမှုများတွင် ပိတ်ပင်ထားသည့် Berber အလံကို ဆန္ဒပြသူများထံမှ ရဲများက ဆွဲယူပြီး ဓာတ်တိုင်များမှ ဖြုတ်ချခဲ့သည့် ဆန္ဒပြမှုပြီးဆုံးချိန်တွင် လုံးထွေးသတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။ ပလတ်စတစ်ဗူးများဖြင့် ပစ်ပေါက်ခဲ့ကြသည့် ဆန္ဒပြသူများအား ရဲများက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ဖြိုခွင်းခဲ့သည်။
အစိုးရနှင့် စစ်တပ်က ကြားနေမည်ဟု ကတိပြုထားသည့် နိုင်ငံအဆင့် ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ရန် ကြားဖြတ်သမ္မတ အဗ္ဗဒယ်ကာဒါဘင်ဆာလာက တောင်းဆိုခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ထိုဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သက်တမ်းသည် ဇူလိုင် ၂ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လစ်ဟာမှု ဖြစ်ပွားမည့်အန္တရာယ်ကို ၎င်းက ဇူလိုင် ၃ ရက်တွင် သတိပေးခဲ့သည်။ ရွေးကောက်ပွဲများ ကျင်းပပြီးစီးချိန်ထိ ၎င်းက ရာထူးတွင် ဆက်နေမည်ဟု ဘင်ဆာလာက ပြောကြားခဲ့သည်။
ရွှေ့ဆိုင်းထားပြီးဖြစ်သည့် သမ္မတရွေးကောက်ပွဲအတွက် လူသိနည်းသော အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးက မှတ်ပုံတင်ခဲ့ပြီးနောက် ဇူလိုင် ၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ပြီးခဲ့သောလအစောပိုင်းတွင် တစ်ဖန်ရွှေ့ဆိုင်းခဲ့သည်။
No comments:
Post a Comment