
အဇာဘိုင်ဂျန်မြို့တော် ဘာကူတွင် တွေ့ဆုံခဲ့သော ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်ရေးရာကော်မတီသည် ယခုနှစ်တွင် ဘေဘီလုံနှင့် အခြားနေရာ ၃၄ နေရာကို ယဉ်ကျေးမှုအမွေအနှစ်စာရင်း ထည့်သွင်းရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယူနက်စကိုသည် ယခုနှစ်တွင် အီရန် မြောက်ပိုင်းရှိ ဟိုင်အာဆာနီးယန်းသစ်တောကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့သည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ကတည်းကရှိခဲ့သော ထိုသစ်တောတွင် ပါရှန်းကျားသစ်များနှင့် အခြား နို့တိုက်သတ္တဝါမျိုးစိတ် ၆၀ နီးပါး၊ ငှက်မျိုးစိတ် ၁၆၀ နီးပါး တည်ရှိသည့်နေရာဖြစ်သည်။
မိုးပျံဥယျာဉ်များ၊ ဘေဘယ်မျှော်စင်နှင့် အီရှတာဂိတ်တို့ရှိသောကြောင့် ထင်ရှားသော ဘေဘီလုံမြို့ကို ၁၈၀ဝ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက စတင်တူးဖော်ခဲ့ကြသည်။ ဟန်မူရာဘီဘုရင်သည် ကမ္ဘာ့ရှေးအကျဆုံး ဥပဒေကို ဘေဘီလုံတွင် ရေးခဲ့ခြင်းဖြစ်သည်။ မဟာအလက်ဇန္ဒားဘုရင်သည် ဘီစီ ၃၃၂ ၌ ဘေဘီလုံတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန် လက်ထက်တွင် တည်ဆောက်ခဲ့သော အဆောက်အဦးသစ်များကြောင့် ဘေဘီလုံမြို့သည် ကြီးကြီးမားမား ထိခိုက်ခဲ့ရပြီး ၂၀ဝ၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော စစ်ပွဲကာလအတွင်းကလည်း ထပ်မံပျက်စီးမှုများနှင့် ကြုံခဲ့ရသည်။ ဘေဘီလုံကို အန္တရာယ်ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းသို့သွင်းရန် ရည်ရွယ်ခဲ့သော်လည်း အီရတ်က ကန့်ကွက်ခဲ့ပြီးနောက် ထိန်းသိမ်းရေးအတွက် ဒေသခံအာဏာပိုင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်ကို ယူနက်စကိုက ရွေးချယ်ခဲ့သည်။
ဘေဘီလုံသည် အီရတ်နိုင်ငံတစ်ဝန်းမှ ရှေးဟောင်း အမွေအနှစ်နေရာ ၇၀ဝ၀ အနက် မှ တစ်နေရာဖြစ်သည်။ အီရတ်တွင် ယူနက်စကို စာရင်းဝင်ရန်မျှော်လင့်ထားသော အလားအလာရှိနေရာ ၁၁ နေရာရှိထားသည်။
No comments:
Post a Comment