Sunday, June 16, 2019

ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ကျောက်မျက်များ ပို့ဆောင်ပေးသူကို တာချီလိတ်သို့ ဖမ်းဆီးခေါ်ဆောင်လာကာ စစ်ဆေးမှုများ ပြုလုပ်နေ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ တာချီလိတ် လေဆိပ်တွင် ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား X-Ray စက်ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာက မအမ်း အမည်ဖြင့် ဖော်ပြ ပါရှိသည့် စက္ကူဖာအတွင်းမှ ပတ္တမြား နှင့် မဟူရာဟု ယူဆရသည့် ကျောက်အရိုင်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည့်အတွက် ပိုင်ရှင်ဖြစ်သူအား မြန်မာ့ကျောက်မျက်ရတနာဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။



ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ၂၀၁၉ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၁၁)နာရီ(၄၀)မိနစ်ဝန်းကျင်က ဆိုက်ရောက်လာပြီး Air KBZ လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား Cargo X-Ray စက်ဖြင့် လေဆိပ်တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ရာ ပစ္စည်းများထဲက မအမ်း အမည်ဖြင့် ပါရှိသည့် စက္ကူဖာအတွင်းမှ စုစုပေါင်းအလေးချိန် (၀.၂၂၃၅)ကီလိုဝန်းကျင်ရှိ ပတ္တမြားဟု ယူဆရသည့် ကျောက်ရိုင်းတုံးအသေး (၄၅)တုံး နှင့် အလေးချိန်(၀.၀၂၆၅)ကီလိုဝန်းကျင်ရှိပြီး မဟူရာ(ကျောက်မဲ)ဟု ယူဆရသည့် ကျောက်ရိုင်းအတုံးအသေး (၁)တုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိရသည့် သက်သေခံပစ္စည်းများမှာ ပိုင်ရှင်အနေဖြင့် တရားဝင်အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိခြင်းကြောင့် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါ ပစ္စည်းများအား အကောက်ခွန်ဦးစီးဌာနတွင် ထိန်းသိမ်းထားကာ ပစ္စည်းပိုင်ရှင် မယေ့ရှမ်း(ခ)မအမ်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၃၂/၂၀၁၉၊ ၂၀၁၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)ဖြင့် ဇွန်လ(၁၃)ရက်နေ့ ည(၈)နာရီဝန်းကျင်က အမှုဖွင့်လှစ်ကာ အရေးယူထားကြောင်း နှင့် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်ဝါရီလ(၃၀)ရက်နေ့က ပြဋ္ဌာန်းလိုက်သော မြန်မာကျောက်မျက်ရတနာဥပဒေ၏ ပုဒ်မ ၅၁(က)သည် ကျောက်မျက်ရတနာအရိုင်းကို ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် တနည်းနည်းဖြင့် ရယူခြင်း၊ လွှဲပြောင်းခြင်းများ ပြုလုပ် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက အနည်းဆုံး ထောင်ဒဏ် (၁)နှစ်မှ (၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားရှိသည်။

No comments:

Post a Comment