Sunday, June 16, 2019

ဖိုးသော်က အင်ဒိုနီးရှားနိုင်ငံသားကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ယူ

တရုတ်နိုင်ငံ၌ ယမန်နေ့က ကျင်းပသည့် MMA(One Championship) ပြိုင်ပွဲတွင် မြန်မာကစားသမား ဖိုးသော်က အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယို ဆန်ဒက်ကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။  Legendary Quest အမည်ဖြင့် ပြုလုပ်သည့် ယင်းပြိုင်ပွဲ ကို ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြီး ဖိုးသော်သည် ဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယိုဆန်ဒက်နှင့် ထိုးသတ်ခဲ့သည်။ ယင်းပွဲတွင် ဖိုးသော်သည်လက်သီးချက်နှင့် ချုပ်ကွက်ကို အားပြုယှဉ်ပြိုင်ပြီး ဆန်ဒက်က  ၎င်းအားသာသည့် ခြေကန်ချက်များဖြင့် ပြန်လည်ခုခံခဲ့သည်။



ပွဲအစ တစ်မိနစ်ကျော်၌ ဖိုးသော်သည် ဆန်ဒက်ကို ချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးပမ်းသော် လည်း ဆန်ဒက်က ပြန်လည်ရုန်းထွက်နိုင်ခဲ့သည်။ ပထမအချီ ပြီးဆုံးခါနီး ဖိုးသော်သည် ဘယ်၊ ညာ လက်သီးတွဲလုံးများဖြင့် ဆန်ဒက်ကို တရစပ် ထိုးသတ်ခဲ့ပြီး ညာဝိုက်လက်သီးချက်ဖြင့် အဆုံးသတ်ကာ နိုင်ပွဲရယူခဲ့သည်။

ဖိုးသော်သည် ယင်းပွဲ မတိုင်မီ MMA ရှစ်ပွဲစလုံးကို မြန်မာနိုင်ငံ၌သာ ထိုးသတ်ဖူးသဖြင့် တရုတ်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲသည် ပထမဆုံးပြည်ပ၌ ထိုးသတ်ခြင်း ဖြစ်သည်။

ထို့ကြောင့်  ဖိုးသော်သည် ပြည်ပ၌ ယှဉ်ပြိုင်သည့် ပွဲဦးထွက်ပွဲတွင် အနိုင်ရလဒ်ဖြင့် စတင်နိုင်ခဲ့သည်။  အသက် (၃၄)နှစ်အရွယ် ဖိုးသော်သည် MMA ပြိုင်ပွဲ ကိုးပွဲယှဉ်ပြိုင်ထားပြီး ရှစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ထားသည်။  Legendary Quest အမည်ဖြင့် ပြုလုပ်မည့် MMA (One Championship) ပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပခဲ့သည်။

No comments:

Post a Comment