Sunday, June 16, 2019

တစ်လီတာ ၁၁၅ ကျပ်အထိ ပြန်ကျကာ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းကျော် ကျဆင်း

၁၅ ရက်အတွင်း ကမ္ဘာ့ရေနံဈေး ၁၃ ရာ ခိုင်နှုန်းကျော် ဆက်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီဈေးများ နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၁၁၅ ကျပ်အထိ ပြန်ကျခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်း ကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်း ကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန် ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့် တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှစတင်၍ ပြန်လည် ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။



ဇွန် ၁၅ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင် အချို့တွင် ရောင်းချနေသော ဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၉၀၅ ကျပ် (တစ်ဂါလန် ၄၁၁၄ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၉၁၅ ကျပ် (တစ်ဂါလန် ကျပ် ၄၁၆၀)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၀၀ ကျပ် (တစ်ဂါလန် ၃၆၃၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၈၅ ကျပ် (တစ်ဂါလန် ၄၀၂၃ ကျပ်) ဖြစ် သည်။ ပြီးခဲ့သည့် မေ ၃၀ ရက်တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါ က ဒီဇယ်တစ်လီတာ ၁၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၀၅ ကျပ်၊ 92 Ron တစ်လီတာ ၁၁၅ ကျပ်၊ 95 Ron တစ်လီတာ ကျပ် ၁၀၀ အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် နှစ်ပတ်ကျော်အတွင်း ဒီဇယ်ဆီ ၁၀ ဒသမ ၃၉ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀ ဒသမ ၂၉ ရာခိုင်နှုန်း၊ 92 Ron ၁၂ ဒသမ ၅၆ ရာခိုင် နှုန်း၊ 95 Ron ၁၀ ဒသမ ၁၅ ရာခိုင်နှုန်း ပြန် လည်ကျဆင်းလာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် တဖြည်းဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက်တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့ပြီး ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိမြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် ဈေးနှုန်းများ အနေဖြင့် ၂၀၁၈ ခုနှစ် အောက် တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံး ဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ် လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျ နည်းပါးခဲ့ကာ ဇွန်လဆန်းမှ စတင်ကာ ဈေးနှုန်းများ ပြန်လည်ကျဆင်း ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment