Sunday, June 16, 2019

ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်သည့် အချိန်ရောက်မှသာ ရထားလက်မှတ်ခတိုးမြှင့်ကောက်ခံမည်

ခရီးသွားပြည်သူများကို ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်သည့် အချိန်ရောက်မှသာ ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး) မှ အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။ ခရီးသွားပြည်သူများ ရထားအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်တို့က အစိုးရဌာနဖြစ်တဲ့အတွက် ရထားလက်မှတ်ခကို တိုးချင်တိုင်း တိုးလို့မရဘူး။ ဒါပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ဘတ်စ်ကားတွေလို အဲကွန်းတွေ အခြားဝန်ဆောင်မှုတွေ ကောင်းကောင်းပေးနိုင်ရင်တော့ လက်မှတ်ခ တိုးကောက်မှာ ပေါ့။ ဝန်ဆောင်မှုကောင်းကောင်း မပေးနိုင်ဘဲနဲ့တော့ လက်မှတ်ခတိုးကောက်လို့ မရဘူး။ တိုးကောက်တဲ့ အခါကျရင်လည်း စီး တဲ့ ခရီးသည်တွေအတွက် အဆင်ပြေအောင် သင့်တင့်မျှတတဲ့ နှုန်းထားတစ်ခုပဲ ကောက်ခံမှာပါ”ဟု မြန်မာ့မီးရထား (အောက် မြန်မာ ပြည်ရုံး)မှ အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အရှည်မှာ ၂၉ ဒဿမ ၅ မိုင်ရှည်ပြီး မြို့တစ်ပတ် ရထားခုတ်မောင်းချိန်မှာ ၂ နာရီ မိနစ် ၅၀ ကြာချိန်ရှိပြီး အဆင့်မြှင့်တင်ပြီးပါက ၁ နာရီ မိနစ် ၅၀ သာ ကြာမြင့်မည်ဖြစ်ကာ ရထားတွဲဆိုင်းအသစ်များဖြင့် အစားထိုးပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ အသစ်မှာယူထားသည့် တွဲဆိုင်းများဖြင့် ပြေးဆွဲမည်ဖြစ်သောကြောင့် ရထားလက်မှတ်ခကို ပြောင်းလဲနိုင်သည်ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က အကုန်သိသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားခဲ့ဖူးသည်။

လက်ရှိ ရထားစီးသည့် ခရီးသည်ဦးရေမှာ ၇၀၀၀၀ ဝန်းကျင်သာရှိပြီး စီမံကိန်းပြီးပါက သုံးသိန်းအထိ မျှော်မှန်းထားကြောင်းလည်း သိရသည်။
အဆိုပါ လမ်းပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် မြန်မာ့မီးရထားတို့မှ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment