
နယူးဇီလန်နိုင်ငံမှာ မေလ ၂၉ ရက်နေ့က သောင်းချီတဲ့ ကျောင်းဆရာ၊ ဆရာမတွေ စုဝေးချီတက်ပြီး လုပ်ခလစာ တိုးပေးဖို့နဲ့ အလုပ်ချိန်လျှော့ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲဟာ နယူးဇီလန်နိုင်ငံမှာ အကြီးမားဆုံး ပညာရေး သပိတ်တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းဆရာ၊ ဆရာမ အယောက် ငါးသောင်းလောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး နိုင်ငံတဝန်း ကျောင်းတွေ ပိတ်ထားရတယ်လို့ ဆရာများသမဂ္ဂအဖွဲ့က ပြောပါတယ်။
နယူးဇီလန်ရဲ့ လူနေမှုဘဝအဆင့် မြှင့်တင်ရေး ရည်ရွယ်တဲ့ ဝန်ကြီးချုပ် ဂျပ်စင်ဒါ အာမဒန်ရဲ့ ‘Wellbeing’ ဘတ်ဂျက်ကို ထုတ်ပြန်ဖို့ တရက်အလိုမှာ အဲဒီဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့တာပါ။
လုပ်ခလစာ တိုးပေးဖို့နဲ့ အလုပ်တာဝန်တွေ လျှော့ချပေးဖို့ ဆရာ၊ ဆရာမတွေကိုယ်စား ဆရာများသမဂ္ဂအဖွဲ့က နယူးဇီလန်အစိုးရနဲ့ ညှိနှိုင်းနေတာ လနဲ့ချီကြာနေပါပြီ။ ဒါပေမယ့် အဲဒီဆွေးနွေးမှုဟာ နှစ်ဖက်အကြား သဘောတူညီမှု မရသေးဘဲ လိပ်ခဲတည်းလည်း အခြေအနေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
No comments:
Post a Comment