အီရတ်မြောက်ပိုင်း တောင်တန်းဒေသမှာ ခြေကုပ်ယူထားတဲ့ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ မြေပြင်ကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၈ ရက်မှာ ပြောပါတယ်။ တူရကီစစ်တပ်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းက လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာတော့ ကွန်မန်ဒိုတပ်ဖွဲ့တွေက မြေပြင်စစ်ဆင်ရေး လုပ်ခဲ့တာပါ။
ဒါဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့နဲ့ သူတို့ရဲ့ ခြေကုပ်စခန်းတွေကို ဖျက်ဆီးဖို့ ဖြစ်တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးဟာ အီရတ်မြောက်ပိုင်းက ဟာကူခ်ဒေသကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဟာကူခ်ဒေသဟာ တူရကီ အရှေ့တောင်ဘက် နယ်စပ်နဲ့ ထိစပ်နေပြီး အီရန်နိုင်ငံ နယ်စပ်လည်း ဖြစ်ပါတယ်။
ကာ့ဒ်အလုပ်သမားပါတီ (PKK) အကြမ်းဖက်အဖွဲ့ဟာ အီရတ်နိုင်ငံမြောက်ပိုင်း ဟာကူခ်ဒေသ တောင်ဘက်မှာ အခြေစိုက် လှုပ်ရှားနေတာပါ။
တူရကီစစ်တပ်ဟာ PKK အဖွဲ့ကို ပစ်မှတ်ထားပြီး အီရတ်မြောက်ပိုင်းကို လေကြောင်းကနေ မကြာခဏ တိုက်ခိုက်လေ့ရှိပေမယ့် မြေပြင်စစ်ဆင်ရေး လုပ်တာကတော့ ရှားပါတယ်။
၁၉၈၄ ခုနှစ်က PKK အဖွဲ့ဟာ ကာ့ဒ်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ တူရကီ အရှေ့တောင်ဘက်ဒေသမှာ ပုန်ကန်တိုက်ခိုက်ခဲ့ပြီး ပဋိပက္ခတွေအတွင်း လူပေါင်း လေးသောင်းကျော် သေဆုံးခဲ့ပါတယ်။
တူရကီအပါအဝင် ဥရောပသမဂ္ဂနဲ့ အမေရိကန်က PKK အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
No comments:
Post a Comment