Tuesday, July 2, 2019

ကန့်ကွက်မှုများရှိနေသဖြင့် ပဲခူးတိုင်းအစိုးရ ၀န်ကြီးသစ် အမည်စာရင်း မတင်သွင်းနိုင်သေး

ပဲခူးတိုင်းမှာအသစ်တိုးချဲ့ဖွဲ့စည်းမယ့်ဝန်ကြီးဌာနအတွက် ၀န်ကြီးနေရာလျာထားတဲ့သူကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေတဲ့အတွက် အမည်စာရင်း မတင်သွင်းနိုင်သေးဘဲ ဒီကိစ္စဆွေးနွေးမယ့် ပဲခူးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကိုလည်း ရက်ရွှေ့ဆိုင်းထားရပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတခုကို တိုးချဲ့ဖွဲ့စည်းနိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ပဲခူးတိုင်းလွှတ်တော်မှာ အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူခဲ့ပါတယ်။



အဲဒီအစည်းအဝေးမှာ ၀န်ကြီးဌာနအသစ် ဖွဲ့စည်းဖို့အတွက် အတည်ပြုခဲ့တဲ့အပြင် ဇူလိုင် ၁ ရက်မှာ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ  အဆိုပါဌာနမှာ တာဝန်ထမ်းဆောင်မယ့် ၀န်ကြီးရဲ့ အမည်စာရင်းတင်သွင်းသွားဖို့ ကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့်လတ်တလောဝန်ကြီးအဖြစ် လျာထားခံထားရတဲ့သူကို လွှတ်တော်ကိုယ်စားလှယ် အများစုက လက်မခံတဲ့အတွက် လွှတ်တော်အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။

“အမည်စာရင်းက အတိအကျတော့ မထွက်သေးပါဘူး။ သို့လောသို့လော အသံကြားတယ်။ ကြားတဲ့လူကို လွှတ်တော်ကိုယ်စားလှယ်တွေက မနှစ်မြို့ကြဘူး။ လွှတ်တော်ကိုယ်စားလှယ် အများစုက  မနှစ်မြို့တဲ့အခါကြတော့ ကန့်ကွက်တဲ့သူတွေ သွားပြောတဲ့သူတွေက သွားပြောကြတယ်။ လွှတ်တော်ဥက္ကဋ္ဌကိုပြော၊ ၀န်ကြီးချုပ်ကိုပြော၊ သွားပြောကြတယ်။ ပြောကြတဲ့အခါကြတော့ သူတို့ကတော့ အမည်စာရင်းပြောင်းလဲပြီး တင်လိမ့်မယ်။ ဗဟိုရဲ့ အကူအညီကိုလည်း ရယူလိမ့်မယ်။ အခုနောက်တခါပြန်မယ့်သူကတော့ ဘယ်သူဖြစ်မလဲဆိုတာ မသိသေးဘူး။ အခုအဲဒါကြောင့်လည်း အချိန်ကနည်းနည်း ကြန့်ကြာသွားတာပေါ့။”

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကတော့ ပဲခူးတိုင်းလွှတ်တော်အနေနဲ့ အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ အရ လူဝင်မှုကြီး ကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဖွဲ့စည်းရေးကို အတည်ပြုထားတယ်၊ အဲဒီလို အတည်ပြုကြောင်းကို နိုင်ငံတော်သမ္မတရုံးကို ပြန်လည်တင်ပြထားပြီး အဲဒီကနေ ပြန်ကျလာမှသာ ၀န်ကြီးနေရာကို ဥပေဒနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 တိုင်းနဲ့ ပြည်နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာနတွေကို တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်းအားဖြင့် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပြဿနာတွေကို မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာဖြစ်တဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ရရှိနိုင်ရေး ဆောင်ရွက်ပေး နိုင်မယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။

No comments:

Post a Comment