Tuesday, July 2, 2019

ပိုလန်တွင် ငလျင်ကြောင့် ကျောက်မီးသွေးတွင်းလုပ်သား ၃ ဦး သေဆုံး

ပိုလန်နိုင်ငံက ကျောက်မီးသွေးတွင်းတခုမှာ ဇူလိုင် ၁ ရက်နေ့က ငလျင်လှုပ်ပြီးနောက် လုပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ အဲဒီကျောက်မီးသွေးတွင်းပိုင်ရှင်  PGG ကုမ္ပဏီကပြောပါတယ်။  ဒါဟာ အခုနှစ်အတွင်း ပိုလန်နိုင်ငံရဲ့ ကျောက်မီးသွေးတွင်း လုပ်ငန်းကဏ္ဍမှာ လူအသေအပျောက်အများဆုံး မတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ခါတိုဝီဆာမြို့က အဲဒီကျောက်မီးသွေးတွင်းမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက မဂ္ဂနီကျုဒ့် ၂ ဒဿမ ၆၆ အင်အားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။



အခင်းဖြစ်တဲ့နေရာမှာ လုပ်သား ၉ ယောက်ရှိခဲ့ပြီး အဲဒီထဲက ဒဏ်ရာရတဲ့ လုပ်သား ၆ ယောက်ကို ဆေးရုံပို့ပေးခဲ့တယ်လို့ PGG ကုမ္ပဏီ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ သူက ဆက်မပြောခဲ့ပါဘူး။

ပိုလန်နိုင်ငံဟာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဖို့ ကျောက်မီးသွေးကို အဓိက အားထားနေရဆဲပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာနဲ့ ကုန်ကျစရိတ်လျော့ချဖို့ ကြိုးစားတာတွေကြောင့် ကျောက်မီးသွေး ထုတ်လုပ်မှု ပမာဏလည်း လျော့ကျလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပိုလန်နိုင်ငံရဲ့ သတ္တုတွင်း မတော်တဆမှုတွေအတွင်း သတ္တုတွင်းလုပ်သား စုစုပေါင်း ၂၁ ယောက်အထိ သေဆုံးခဲ့တယ်လို့ တရားဝင် အချက်အလက်တွေက ဖော်ပြပါတယ်။

No comments:

Post a Comment