Tuesday, July 2, 2019

ချင်းမိုင်တွင် လုပ်အားခမရ၍ မြန်မာအလုပ်သမားက အလုပ်ရှင်ကို ဓားဖြင့်ထိုး

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆာရဖီးမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးက လုပ်အားခမရလို့ အလုပ်ရှင်ကို ဓားနဲ့ထိုးခဲ့လို့  အလုပ်ရှင် သေဆုံးသွားခဲ့တယ်လို့ ထိုင်း ရတ်သတင်းမှာ ဖော်ပြပါတယ်။  ဇူလိုင် ၁ ရက် ညနေ ၆ နာရီလောက်က ဆာရဖီးမြို့နယ် ချူမ်းဖူးအုပ်စု ရပ်ကွက် ၄ ထဲမှာ လူသေဆုံးတဲ့အထိ ထိုးနှက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားစစ်ဆေးခဲ့ရာမှာ အခင်းဖြစ်တဲ့နေရာမှာ မှောက်ရက်အနေအထားနဲ့ လဲကျသေဆုံး နေတဲ့ နိုင်းဆွန်ထောင်းန်ကို တွေ့ရှိရတယ်လို့ နယ်မြေ ရဲတပ်ဖွဲ့ ဒုရဲအုပ် ဆုကျစ်ခမ်းဆိုင်က ပြောပါတယ်။



ဆက်လက်စစ်ဆေးရာမှာ သေဆုံးသူ အသက် ၅၀ အရွယ် ထိုင်းအမျိုးသား ရဲ့နောက်ကျောမှာ ချွန်မြတဲ့အရာနဲ့ ထိုးနှက်ထားတဲ့ ဒဏ်ရာတွေ့ရှိပြီး အနီးမှာလည်း သံတူရွင်းတချောင်းနဲ့ အရှည် ၁ ပေခွဲ ခန့်ရှိ ဓား ၁ ချောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတို့ပြောပြချက်အရ ဒီမတိုင်ခင်က အောင်စန်းဆိုသူ မြန်မာအလုပ်သမား ၁ ဦးဟာ နိုင်းဆွန်ထောင်းန်ထံ ရောက်လာပြီး ရစရာရှိတဲ့လုပ်အားခကို လာတောင်းကြောင်း၊ အဲဒီမှာ လုပ်အားခနဲ့ ပတ်သက်ပြီး အချင်းများရာက အောင်စန်းက အလုပ်ရှင်ကို ဓားနဲ့ရော တူရွင်း နဲ့ပါထိုးလို့ အလုပ်ရှင်မှ လဲကျသေဆုံးသွားတာလို့ ဆိုပါတယ်။

အောင်စန်းမှာ ထွက်ပြေးခြင်းမရှိဘဲ အဲဒီအနီးတ၀ိုက်ကနေ ရဲထံလာရောက် အဖမ်းခံခဲ့ ပါတယ်။ ရဲတပ်ဖွဲ့က အောင်စန်းကို ထိန်းသိမ်းထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်း နေဆဲဖြစ်ပါတယ်။

No comments:

Post a Comment