Tuesday, July 2, 2019

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ငွေကြေးခဝါချမှုများသည် သဘာဝသ ယံဇာတကဏ္ဍ၊ အခွန်ရှောင်လွှဲသည့် ကဏ္ဍနှင့် အဂတိလိုက်စားမှုကဏ္ဍများတွင် အများဆုံးဖြစ်ပွားကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြထား

မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် ငွေကြေးခဝါချမှုများသည် သဘာဝသယံ ဇာတကဏ္ဍ၊ အခွန်ရှောင်လွှဲသည့် ကဏ္ဍနှင့် အဂတိလိုက်စားမှု ကဏ္ဍ များတွင် အများဆုံးဖြစ်ပွားကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးစုံစမ်းထောက်လှမ်းရေအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ငွေကြေးဆိုင်ရာမှုခင်းများ တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားသည်။



နေပြည်တော်ရှိ Hilton ဟိုတယ်၌ ဇွန် ၂၈ ရက်က ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် ငွေကြေးခဝါချမှုများသည် မည်သည့်ကဏ္ဍများတွင် အများဆုံးဖြစ်ပွားနေသလဲဆိုသည့် မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗ ဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးစုံစမ်းထောက်လှမ်းရေအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ငွေကြေးဆိုင်ရာမှုခင်းများ တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းသိန်းက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဲဒါကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီရင်ခံစာထဲမှာရှိပါတယ်။ အဲဒီရလဒ်အရ ကျွန်တော်ပြောတာပါ။ အများဆုံးဖြစ်တာတွေကတော့ သဘာဝပစ္စည်းတွေပေါ့။ အထူးသဖြင့် ကျောက်စိမ်းတွေ၊ သစ်နဲ့ သစ်တောထွက်တွေက နံပါတ် (၁) ပေါ့။ နံပါတ် (၂) ကတော့ စောစောကပြောတဲ့ အခွန်ရှောင်လွှဲတဲ့ဟာ။ အခွန်ရှောင်လွှဲတဲ့ ကိစ္စတွေများကြီးဖြစ်နေတယ်။ နံပါတ် (၃) ကတော့ အဂတိလိုက်စားမှုတွေပေါ့။ ဒီအချက်တွေကတော့ အဖြစ်အများဆုံး ရာခိုင်နှုန်းပါဝင်တာပေါ့။ နောက်ကျတာတွေကတော့ မူးယစ်ဆေးဝါးကိစ္စတွေပေါ့။ အဓိကရာခိုင်နှုန်းအများဆုံးကတော့ ဒီမှုခင်းကြီးသုံးခုကတော့ အများဆုံးဖြစ်ပါတယ်” ဟု ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားသည်။

ငွေကြေးခဝါချမှုနှင့် အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များသည် ကမ္ဘာပေါ်တွင် မဖြစ်ပွားသည့်နိုင်ငံမရှိဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများတွင်လည်း ဖြစ်ပွားမှုရှိကြောင်း ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောကြားသည်။

၎င်းက “အဓိကကတော့ ရှိနေတဲ့ဟာကို သိဖို့ပါ။ ဘယ်နေရာမှာ ဘယ်ပုံစံနဲ့ရှိနေတာလဲ။ ဘယ်ဟာတွေက ခြိမ်းခြောက်မှုတွေ ရှိနေပြီးတော့ ဘယ်နေရာတွေက အားနည်းချက်တွေရှိနေတာလဲ။ ဒါဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ။ အဲဒါတွေကို နံပါတ် (၁) အချက်ကသိဖို့ပါ။ သိပြီးရင် ဘယ်လိုလျှော့ချမလဲ ဆိုတဲ့အဖြေကို ရှာရမှာပေါ့။ ရှာပြီးရင် အဲဒီအတိုင်းဦးစားပေး ၁၊ ၂၊ ၃၊ ၄ ချမှတ်ပြီးဆောင်ရွက်ဖို့ပါ။ သစ်တွေ တရားမဝင်ခိုးထုတ်နေတာတွေ။ ကျောက်စိမ်းတွေနဲ့ ကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့ ရတနာတွေခိုးထွက်နေတာတွေရှိတယ်။ ပြီးတဲ့အခါမှာ အဂတိကရတာတွေကို ငွေကြေးခဝါချတာ အများဆုံးဖြစ်နေတယ်။ နောက်အချက်က အခွန်ရှောင်လွှဲမှုတွေ။ အဲဒီဟာတွေက အများဆုံးဖြစ်တယ်။ အဲဒါတွေကလည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစီရင်ခံစာလုပ်လိုက်မှ ရလာတဲ့အချက်အလက်ပါ။ ငါတို့ဟာ ဒီလောက်ဝင်ငွေရရင် ဒီလောက်အခွန်ဆောင်ရမယ် စသဖြင့် လူတွေအားလုံးရဲ့ အသိတွေက တူသွားဖို့လိုတာပါ။ အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အစီရင်ခံစာကလည်း ငါးနှစ်တစ်ကြိမ် ပုံမှန်လုပ်သွားမှာပါ။ အရေးယူထားတဲ့ဟာတွေကတော့ ရှိပါတယ်” ဟု ပြောကြားသည်။

၂၀၀၂ ဥပဒေမှစ၍ ၂၀၁၄ ခုနှစ်အထိ ကာလအတွင်း ၂၀၀၂ ဥပဒေဖြင့် အရေးယူ ထားခြင်းများရှိသလို ၂၀၁၂ ဥပဒေနှင့်လည်း အရေးယူထားသည့် အမှုများရှိကြောင်း၊ အရေးယူထားသည့် အမှုအရေအတွက် အနည်းဆုံး ၁၀၀ ကျော်ရှိကြောင်း ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောကြားသည်။

“အဓိကကတော့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်ပြီး တော့မရှိသေးပါဘူး။ သံသယဖြစ်ဖွယ်တွေ တွေ့တဲ့အတွက်ကြောင့် စုံစမ်းစစ်ဆေးတာတွေရှိတယ်။ လေးမှုလောက်ရှိခဲ့ဖူးပါတယ်။ သို့သော် လက်ရှိမြေပြင်မှာတော့ ဖော်ထုတ်ရရှိခြင်းမရှိသေးပါဘူး။ သို့သော် အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ခြိမ်းခြောက်မှုထဲမှာတော့ ထည့်ထားပါတယ်။ အရေးအကြီးဆုံးကတော့ အကြမ်းဖက်မှုအပေါ်မှာ ငွေကြေးထောက်ပံ့ခြင်းဟာ အရေးကြီးတဲ့အတွက်ကြောင့် ဒါကိုတော့ တောက်လျှောက်စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ ဖော်ထုတ်ထားတဲ့ မှုခင်းတွေတော့ မရှိသေးပါဘူး။ ဒီအတွက်လည်း လွန်ခဲ့တဲ့သုံးနှစ်လောက်ကစပြီးတော့ ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ အဓိကကတော့ သူ့ရဲ့လုပ်ငန်းတွေပေါ့။ ငွေကြေးတွေကတော့ ပုံစံအမျိုးမျိုးနဲ့ လွှဲပြောင်းတာတွေ ရှိတယ်။ စီးဝင်တာတွေရှိတယ်။ ဒါတွေ အကုန်လုံးကို အဓိက စောင့်ကြည့်နေတယ်” ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားသည်။

အထက်ပါမှုခင်းများနှင့်ပတ်သက်၍ ဥပဒေအရ မည်သူမဆို ကျူးလွန်ခဲ့ပါက သတ်မှတ်ပေးထားသည့်၊ အပ်နှင်းပေးထားသည့် ဥပဒေအရ လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုများကို ဘယ်သူကမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိ သလို လက်ရှိအချိန်အထိလည်း ဝင်ရောက်စွက်ခြင်းမျိုးမရှိကြောင်း ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားသည်။

No comments:

Post a Comment