Tuesday, July 2, 2019

PPST မှ နုတ်ထွက်ရန်ကိစ္စ KNU အဖွဲ့တွင်း သဘောထားကွဲနေ၍ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ခေါ်ယူရှင်းလင်းမည် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ဟုဆို

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ နုတ်ထွက်ရန် တင်ပြချက်သည် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်း မောင်ကပြောသည်။

 KNU အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူးက PPST မှ နုတ်ထွက်ရန်ကိစ္စကို မေလက ကျင်းပခဲ့သည့် အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့၏ ထိပ်သီးခေါင်း ဆောင်များညီလာခံတွင် တင်ပြခဲ့ပြီး ဇွန်လနောက်ဆုံးပတ်တွင် လည်း PPST မှ နုတ်ထွက်မည့် ကိစ္စကို ထပ်မံအတည်ပြု ပြောကြားသည့်အပေါ် ပဒိုမန်းငြိမ်း မောင်က ဇူလိုင် ၁ ရက်တွင် ပြန် လည်ရှင်းလင်းခြင်းဖြစ်သည်။

‘‘အဲဒါ တာဒိုမူး သူ ကျော်လုပ်တာခင်ဗျ။ ကျွန်တော်တို့ သူဒီဟာတင်တဲ့ကိစ္စက ကျွန်တော်တို့ EC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ)မှာ အတည်ပြုချက်ရယူတာ မဟုတ်ဘူး။ နောက်ပြီးတော့ အဲဒီပွဲမှာတုန်းက ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နှစ်ယောက်ရှိတယ်၊ သူ့အပေါ်က။ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို ဘာမှအသိမပေးဘဲနဲ့ သူ့သဘောနဲ့သူ တင်တာဗျ။ ဒါအဖွဲ့အစည်းရဲ့ သဘောထားမဟုတ်ဘူး’’ဟု ပဒိုမန်းငြိမ်းမောင်က ဆက်လက် ပြောသည်။

အပစ်ရပ် ၁၀ ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များ ညီလာခံ ဒုတိယ ပိုင်း ပြန်လည်ကျင်းပပါက နုတ် ထွက်ခွင့်တောင်းထားသည့် ကိစ္စ ကို ပြန်လည်သုံးသပ်ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် KNU အနေဖြင့် PPST အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

 ‘‘အဖွဲ့အစည်းအတွင်းမှာ PPST က ထွက်ဖို့ဆိုတာ ကျွန်တော်တို့ EC မှာ သဘောထားမရှိပါဘူး။ ဗဟိုကော်မတီမှာလည်း ဆုံးဖြတ်ချက်မရှိပါဘူး။ EC မှာလည်း ဆုံးဖြတ်ချက်မရှိပါဘူး’’ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြား သည်။

ပဒိုစောတာဒိုမူး၏ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ဆောင်ရွက် ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို ယခုလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 ‘‘ဒါကို ပြန်လည်ပြီးတော့ စုံစမ်းပြီးတော့ ဒါ ဘယ်လိုဆောင် ရွက်မလဲဆိုတာ ကျွန်တော်တို့ ECမှာ ပြန်ပြီးတော့ မျက်နှာချင်းဆိုင် ပြီးတော့ ရှင်းမှာဖြစ်ပါတယ်’’ဟု ပဒိုမန်းငြိမ်းမောင်ကပြောသည်။

အပစ်ရပ်အဖွဲ့များနှင့် အပစ်မရပ်အဖွဲ့များ ပါဝင်နိုင်မည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) စုဖွဲ့မှုအသစ်ပြုလုပ်ရန်ကိစ္စလည်း အဖွဲ့အစည်းအတွင်း ဆွေးနွေးသည့် အဆင့်ပင်မရှိဟု ပဒိုမန်းငြိမ်းမောင်ကပြောသည်။

ပဒိုမန်းငြိမ်းမောင်၏ ပြော ကြားချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးထံ ဖုန်းဖြင့် ဇူလိုင် ၁ ရက်တွင် ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

KNU အထွေထွေအတွင်း ရေးမှူးချုပ်သည် ပြည်ပနိုင်ငံတစ်ခုသို့ ခရီးသွားနေခြင်းဖြစ်ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ပဒို စောလှထွန်းက ပြောသည်။

လက်ရှိ NCA အကောင်အ ထည် ဖော်ဆောင်နေမှုများနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) အဖွဲ့တွင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခြင်း မှ အစပြု၍ ၂၀၁၈ နှစ်ကုန်ပိုင်း တွင် KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့ရာ ရှစ်လခန့် ကြာသည်အထိ ပြေလည်မှုမရ သေးပေ။ KNU အဖွဲ့က ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့ခြင်းကြောင့် ၂၁ ရာစု ပင်လုံညီလာခံ အပါအ၀င် နိုင်ငံ ရေးဆွေးနွေးပွဲများနှင့် NCA ဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ရပ်တန့်နေသည်။

No comments:

Post a Comment