Tuesday, July 2, 2019

အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသောနိုင်ငံများမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှု ယာယီပိတ်ထားဆဲဖြစ်ပြီး FAO က ရောဂါကင်းစင်ကြောင်း ကြေညာမှသာ ပြန်လည်ခွင့်ပြုမည်

အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) နိုင်ငံအတွင်း ကူးစက်မှုမရှိစေရန် ရောဂါဖြစ် ပွားသောနိုင်ငံများမှ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုယာယီ ပိတ်ပင်ထားဆဲဖြစ်ပြီး ကမ္ဘာ့စားနပ် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ရောဂါကင်းစင်ကြောင်း တရားဝင်ကြေညာမှသာ ပြန်လည်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။



“ကူးစက်ရောဂါဖြစ်ပွားတယ် လို့ သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေက ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေကို ယာယီပိတ်ထားဆဲပါပဲ။ ကူးစက်ရောဂါဖြစ်ပွားနေဆဲ စာရင်းဝင်နိုင်ငံတွေကို ပိတ်ထားပေမဲ့ ရောဂါမဖြစ်တဲ့ နိုင်ငံ တွေကဝက်နဲ့ဝက်ထွက်ပစ္စည်းတွေကိုတော့ သတ်မှတ်တဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုပေးနေပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက သူတို့နိုင်ငံမှာ ရောဂါကင်းစင်သွားပြီဖြစ်ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို အသိပေးပြီး အဲဒီအဖွဲ့က တရားဝင်ကြေညာပြီဆိုရင်တော့ ပြန်လည်တင်သွင်းခွင့်ပြုမှာဖြစ်ပါတယ်” ဟုဒေါက် တာမင်းသိမ်းမော်က ပြောကြားသည်။

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ကျရောက်ဖြစ်ပွားပြီး ဝက်အများအပြား သေဆုံးလျက်ရှိရာ မြန်မာနိုင်ငံသို့ ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာ ကွယ်ရန် တရုတ်နိုင်ငံနှင့်ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ မြန်မာနိုင်ငံအ တွင်းသို့ နယ်စပ်ပေါက်များနှင့် လေဆိပ်/ရေဆိပ်များမှတစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းနှင့်ရောင်းချခြင်းများ မပြုလုပ်ရန် ယာယီတားဆီးပိတ်ပင်ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊တိရစ္ဆာန်ဆိုင်ရာပို့ ကုန်သွင်း ကုန်စစ်ဆေးထိန်းသိမ်းရေး ဌာနစိတ်မှ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားမဝင် အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများတင်သွင်းခြင်း၊ သယ်ယူခြင်းနှင့်ရောင်းချခြင်း ကိစ္စများတားဆီးပိတ်ပင်မှုကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီက အသိပေးကြေညာထားသည်။

“လက်ရှိ ရောဂါဖြစ်ပွားမှုတွေ ရှိနေတဲ့ တရုတ်နဲ့မြန်မာနိုင်ငံက ဝက်သား ရောင်းဝယ်တင်ပို့မှုတွေရှိနေတယ်။ ယူနန်ပေါက်ကနေတစ်ဆင့် တောဝက်ပေါက်တွေက ကျွန်တော်တို့ရှမ်းပြည်နယ်ထဲကို ဝင်နိုင်တယ်။ အခုတော့ ရောင်းဝယ်တင်ပို့မှုတွေ ကိုထိန်းချုပ်ထားပါတယ်” ဟု ၎င်း က ဆက်လက်ပြောကြားသည်။

No comments:

Post a Comment