Tuesday, July 2, 2019

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ဒေါ်အောင်ဆန်းစုကြည်၏အမည်ဖြင့် မြေကွက်ခွဲလျှောက်ထားခြင်းအပေါ် ကန့်ကွက်မှုများရှိနေ၍ ပြည်ထောင်စုဥပဒေချုပ်ရုံး၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ပိုင်သည့် ခြံအမှတ် (၅၄) မြေကွက်ကို ဒေါ်အောင်ဆန်းစုကြည် ၏အမည်ဖြင့် မြေကွက်ခွဲလျှောက်ထားမှုအပေါ် ကန့်ကွက်မှုများရှိနေသည့်အတွက် ပြည်ထောင်စု ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံတောင်းထားကြောင်းနှင့် ယင်းကိစ္စ ဥပဒေချုပ်ရုံးမှ ပြန်ကြားလာသည့် လမ်းညွှန်ချက်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



“တရားလွှတ်တော်ချုပ်ကနေ ဆုံးဖြတ်ပေးတဲ့အတိုင်း မြေကွက်ခွဲလျှောက်တာပေါ့။ မြေကွက်ခွဲလျှောက်တာက ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးအောင်ဆန်းဦးရော မြေကွက်ခွဲလျှောက်တာပေါ့။ လျှောက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်တာပါ။ သူတို့တရားရုံးရဲ့ အဆုံးအဖြတ်အတိုင်း မြေကွက်ခွဲလျှောက်တာပေါ့။ ဥပဒေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်အတိုင်း မြေစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှူး ဦးသစ္စာက News Watch သို့ ပြောသည်။

ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်မြိ့တော်စည်ပင်သာယာရေးကော်မတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဒေါ်ခင်ကြည်ပိုင်သည့်မြေကွက်အား ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ဖြင့် မြေကွက်လျှောက်ထားခြင်းကိစ္စအခြေအနေကိုသိရှိလိုကြောင်း ဧရာဝတီသတင်းဌာနမှ သတင်းထောက်ကမေးမြန်းခဲ့ရာ“ဒါနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ဆီမှာ မြေကွက်ခွဲစိတ်တာတို့၊ မြေကွက်ပေါင်းစည်းတာတို့ တခြားမြေဂရံလျှောက်ထားမှုတွေကို သက်ဆိုင်ရာကာယကံရှင်က လျှောက်ထားမှုဆိုရင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက လုပ်ထုံးလုပ်နည်း၊ ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်တဲ့အခြေအနေဖြစ်ပါတယ်။ အဲလိုလျှောက်ထားတဲ့အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက လျှောက်ထားလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ မြို့ပြစီမံကိန်းရဲ့ လုပ်ထုံးလုပ်နည်းအရ သီးခြား သတင်းစာမှာကြေညာပါတယ်။ ကြေညာတဲ့အချိန်မှာ ဦးအောင်ဆန်းဦးရှေ့နေဘက်က ကန့်ကွက်တာတွေရှိတဲ့အတွက် ဒါကို ကျွန်တော်တို့ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာပြည်ထောင်စုဥပဒေချုပ်ရုံးကို အကြံဉာဏ်တောင်းခံတားပြီးတော့ ပြည်ထောင်စုဥပဒေချုပ်ရုံးကနေ ပြန် ကြားလာတဲ့အပေါ်မူတည်ပြီးတော့ မြေစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဌာနမှူးဦးသစ္စာက ပြန်လည်ဖြေကြားခဲ့သည်။

“ဥပမာ-ဥပဒေချုပ်ရုံးက ဒါဟာ သူ့ရဲ့ ခွဲစိတ်မှုဟာ တရားနည်းလမ်းအရ ခွဲစိတ်သင့်တယ်လို့အကြောင်းပြန်တာ ရှိကောင်းရှိမယ်။ သို့မဟုတ်ရင် ဘယ်လို ဥပဒေအကြံပြုချက်ဆိုတာမျိုး အကြောင်းပြန်ကြားလာတာ ရှိကောင်းရှိပါမယ်။ ရှိလို့ရှိရင် ဒါကို ခွဲစိတ်သင့်တယ်လို့ ပြန်ကြားလာရင်တော့ ကျွန်တော်တို့က ဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

လုပ်ထုံးလုပ်နည်းအရ ကိစ္စရပ်များကို မည်သည့်ဥပဒေဖြင့်ဆောင်ရွက်ရမည်ကိုမသိရှိရပါက ပြည်ထောင်စုဥပဒေချုပ်ရုံးထံ ဥပဒေအကြံဥာဏ်များတောင်းခံရကြောင်းနှင့် ဥပဒေချုပ်ရုံး၏ဖြေကြားမှု၊ ဥပဒေချုပ်ရုံးမှပေးပို့လာသည့် လမ်းညွှန်ချက်အပေါ်မူတည်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကရှင်းပြသည်။

အဆိုပါမြေကွက်အား ဇူလိုင် ၂ ရက်တွင် မြေတိုင်းတာမှုများပြုလုပ်မည်ဖြစ်ကြောင်း လတ်တလော သတင်းထွက်ပေါ်နေသည်။

No comments:

Post a Comment