Thursday, May 23, 2019

ချင်းတိုင်းရင်းသား ၅ဦးကို AA က ဖမ်းဆီးထားပြီး သတင်းပေါက်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထား

ရခိုင်ပြည်နယ်မင်းပြားမြို့နယ်အတွင်းရှိချင်းရွာများမှချင်းတိုင်း ရင်းသား ၅ဦးကို AA ကဖမ်းဆီးထားပြီး ဖမ်းဆီးထားသည့် သတင်းကို အစိုးရနှင့် မီဒီယာများထံသို့  ပေါက်ကြားပါက သတ်ပစ်မည်ဟု ဒေသခံရွာသားများကို ခြိမ်းခြောက်ခဲ့ကြောင်းအမည်မဖေါ်လိုသူ ဒေသခံက The Ladies News သို့ ယနေ့ (မေ ၂၂) တွင် ပြောကြားသည်။



မေလ ၁၅ရက်နေ့က ကိုင်းကြီးရွာမှ အမျိုးသား ၂ဦး၊ အမျိုးသမီး၂ဦးနှင့် ကျေးမရွာမှ အမျိုးသား ၁ဦးတို့ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်း ကပြောကြားသည်။

ထို့အပြင် ထိုကဲ့သို့ ဖမ်းဆီးထားသည့်သတင်းမှာ အစိုးရနှင့်မီဒီယာများထံသို့ ပေါက်ကြားသွားမည်ဆိုပါက ချင်းရွာများကိုမီးရှို့ဖျက်ဆီးပစ်မည် သတ်ပစ်မည် စသည်ဖြင့် ဒေသခံများကို AA က ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

"သတင်းပေါက်ကြားမယ်။အစိုးရဆီကိုပေါက်ကြားမယ်ဆိုရင် သတ်ပစ်မယ်လို ခြိမ်းခြောက်တာတွေရှိတယ်။ ချင်းရွာတွေဖျက်ဆီးမီးရှို့မယ်ဆိုပြီး အဲဒီလိုပုံစံမျိုး သူတို့က ခြိမ်းခြောက် ထားတာရှိတယ်" ဟုအမည်မဖေါ်လိုသူ အဆိုပါဒေသခံက ပြောကြားသည်။

ထိုကဲ့သို့ ချင်းတိုင်းရင်းသားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီးမေးမြန်းအတည်ပြုနိုင်ရန် AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံသို့ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ရခိုင်ပြည်နယ်နှင့်နယ်နိမိတ်ခြင်းထိဆက်နေသည့် ချင်းပြည် နယ်ပလက်ဝမြို့နယ်အတွင်း၌လည်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများလည်း ရှိနေသည်။

ပလက်ဝမြို့နယ်အတွင်း၌လည်း AA က ဒေသခံ ခူမီးတိုင်း ရင်းသားများကို ဖမ်းဆီးထားမှုများရှိခဲ့ခြင်းကြောင့်အဖမ်းဆီးခံ ခူမီးတိုင်းရင်းသား ၅၀ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)က ဧပြီလ ၂၈ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။

No comments:

Post a Comment