Thursday, May 23, 2019

ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကုမ္ပဏီ ၉၃ ခု ပျက်ကွက်ဆဲဖြစ်ရာ ဇွန် ၅ ရက် နောက်ဆုံးထား၍ ပြန်လည်ပေးသွင်းရန် သတိပေးထားပြီး ပျက်ကွက်ပါက မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းနှင့် ဥပဒေအရအရေးယူမည်

ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ကုမ္ပဏီ ၉၃ ခုပျက်ကွက်ဆဲဖြစ်ရာ ၂၀၁၉ ခုနှစ် ဇွန် ၅ ရက်နောက်ဆုံးထား၍ ပြန်လည်ပေးသွင်းရန် သတိပေးထားပြီး ပျက်ကွက်ပါက ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းနှင့် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာသည်။ ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံ တော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဋ္ဌဌာန်းထားသည်။



ယင်းဥပဒေပြဋ္ဌဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်များသင်္ဘ࿿ောတင်သည့်ရက်မှ ခြောက်လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းအသီးသီး သို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန်တာဝန်ရှိကြောင်း သိရသည်။


နိုင်ငံတော်ဗဟိုဘဏ်မှ အကြောင်းကြားလာမှုအရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မိမိတို့ဘဏ်စာရင်းသို့    ပို့ကုန်ရငွေများထည့်သွင်းသွားကြရန် ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်တွင် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏သက်ဆိုင်ရာဘဏ် စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ ၁၁၀ ခုကို စိစစ်တွေ့ရှိရကြောင်း မတ်လ ၁၉ ရက်က ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အထိ ပို့ကုန်ရငွေအားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏သက်ဆိုင်ရာဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ ၉၃ ခု ပျက်ကွက်လျက်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရသည်ဟု အသိပေးကြေညာထားသည်။

သို့ဖြစ်ပါ၍ အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ၂၀၁၉ ခုနှစ် ဇွန် ၅ ရက်အထိ ပို့ကုန်ဝင်ငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းရန် နှိုးဆော်ထားသည်။ ယင်းကာလအတွင်း ထည့်သွင်းရန်ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ်အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာသည်။

ပျက်ကွက်သည့်ကုမ္ပဏီအမည်စာရင်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Website –www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment