Thursday, May 23, 2019

ပစ်စာများကို အရေးယူမှုမပြုရေးနှင့် အစိုးရဘဏ္ဍဍာငွေမလုံလောက်ပါက ပညာရေးလုပ်ငန်းများ ရပ်ဆိုင်းထားရေး လပွတ္တာမြို့တွင် ဆရာဆရာမများ ဆန္ဒထုတ်ဖော်

(ဓာတ်ပုံ-မင်းသူဝင်းထွဋ်)တိုင်ကြားသူအမည် လိပ်စာမပါရှိသော ပစ်စာများကို စစ်ဆေးအရေးယူမှုမပြုရေး၊ အစိုးရဘဏ္ဍဍာငွေ မလုံလောက်ပါက ပညာရေးလုပ်ငန်းများ ရပ်ဆိုင်းထားရေးနှင့် ပင်စင်ထောက်ပံ့ကြေး ကောက်ခံမှုကို ဌာနဆိုင်ရာက အရေးယူမှု မပြုရေးအတွက် လပွတ္တာမြို့တွင် ဆရာဆရာမများစုပေါင်း၍ မေ ၂၂ ရက် ညနေ ၄ နာရီခွဲက စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်သူ ဆရာဆရာမများသည် ဆုတောင်းပြည့် ဘုရားရှေ့တွင် စုဝေးပြီး ပစ်စာတိုင်ကြားသူ လိပ်စာမပါရှိပါက ဌာနဆိုင်ရာ အရေးယူမှုမပြုရေးတို့အရေး၊ ပစ်စာတိုင်ကြားသူအား သက်သေအဖြစ် ထည့်သွင်းစစ်ဆေးပေးရေး တို့အရေး၊ မဟုတ်မမှန် တိုင်ကြားသူအား ဌာနက တရားစွဲဆိုပေးရေး တို့အရေး၊ အစိုးရဘဏ္ဍဍာငွေ မလုံလောက်ပါက ပညာရေးလုပ်ငန်းများ ချက်ချင်းရပ်ဆိုင်းထားရေး တို့အရေး၊ ပင်စင်စားထောက်ပံ့ကြေး ကောက်ခံမှုအား ဌာနဆိုင်ရာက အရေးယူမှုမပြုရေး တို့အရေး စသည့်ကြွေးကြော်သံများ ဟစ်ကြွေး၍ လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့မအားကစားကွင်းရှေ့အထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ဘယ်သူတိုင်တယ်ဆိုတာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ မပါဘဲနဲ့ တိုင်တဲ့စာတွေကို ပစ်စာကို စစ်တယ်ဆိုတော့ အစစ်ခံရတဲ့ ဆရာဆရာမတွေကလည်း ဒေသမှာရော ပတ်ဝန်းကျင်မှာပါ သိက္ခာကျရတယ်။ ဘတ်ဂျက်မရရှိရင် မလုပ်နဲ့ဆိုတာက ဒီနေ့ ကျွန်တော်တို့သင်တန်းတွေလုပ်တယ်။ ဒီအတွက်က ဘတ်ဂျက်က မလာသေးဘူး။ အဲဒီတော့ ဆရာကြီးတွေ ဆရာမကြီးတွေက စိုက်ထားရတယ်။ ဒါတွေက အခက်အခဲဖြစ်စေတယ်။ နောက် ကျွန်တော်တို့မြို့နယ်မှာဆိုရင် ပင်စင်စား ဆရာကြီးဆရာမကြီးတွေကို ထောက်ပံ့ဖို့ တစ်လကို နှစ်ထောင်စုတယ်။ ဒါကို ငွေမကောက်ခံရဘူးဆိုတဲ့ ညွှန်ကြားချက်နဲ့ ငြိနေတော့ ကျွန်တော်တို့မှာ ကူညီချင်ရင်တောင် ကူလို့မရဘူး” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဆရာဦးအောင်ကျော်ဇောက ပြောကြားသည်။


ဆရာမများအနေဖြင့်လည်း တောရွာများ၌ တာဝန်ကျနေရာတွင် လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်များစွာ ရှိနေကြောင်းလည်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သည့် ဆရာ ဆရာမများက ပြောကြားသည်။

တိုင်ကြားသူအမည်၊ လိပ်စာမပါရှိသော ပစ်စာများကို စစ်ဆေးအရေးယူမှု မပြုရေး၊ အစိုးရဘဏ္ဍဍာငွေ မလုံလောက်ပါက ပညာရေးလုပ်ငန်းများ ရပ်ဆိုင်ထားရေးနှင့် ပင်စင်ထောက်ပံ့ကြေးကောက်ခံမှုကို ဌာနဆိုင်ရာက အရေးယူမှုမပြုရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော မြို့ကြီးများတွင်ပါ ဆရာဆရာမများ စုပေါင်း၍ ဆက်လက်ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ပင် တိုင်ကြားသူ၏ အမည်၊လိပ်စာမပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများက ပြောကြားသည်။

မေ ၁၈ ရက်က ရန်ကုန်မြို့ အိုလံပစ်တာဝါရှိ Myanmar Press Freedom Center တွင် ကျင်းပသော ပညာရေးဝန်ထမ်းများ ထိခိုက်နစ်နာ ဆုံးရှုံးနေမှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပစ်စာဆိုသည်မှာ တိုင်ကြားသူအမည်၊ လိပ်စာမပါဝင်ဘဲ တစ်စုံတစ်ယောက်အား တိုင်ကြားသောစာဖြစ်သည်။ ထိုသို့တိုင်ကြား သူနာမည်၊ လိပ်စာမပါရှိသောကြောင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုရှိပါကလည်း ချောက်တွန်းတိုင်ကြားမှုများ ရှိကြောင်း သိရသည်။ ပြစ်မှုရှိ၍ တိုင်ကြားမည်ဆိုပါက ပစ်စာဖြင့် မဟုတ်ဘဲ တာဝန်ခံမှုရှိသော တိုင်ကြားမှုနှင့် တိုင်ကြားသင့်ကြောင်း လပွတ္တာမြို့နယ်မှ မူလတန်းကျောင်းအုပ်တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment