Thursday, May 23, 2019

ရှမ်းလူမျိုးများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိမိလူမျိုးနှင့် လူထုအပေါ် ချစ်ခင်လေးစားသည့် လွှတ်တော်ကိုယ်စားလှယ်ကောင်းများ ရွေးချယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း RCSS ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား

ရှမ်းလူမျိုးများအနေဖြင့် ၂၀၂၀ ခုနစ် ရွေးကောက်ပွဲတွင် မိမိလူမျိုးနှင့် လူထုအပေါ် ချစ်ခင်လေးစားသည့် လွှတ်တော်ကိုယ် စားလှယ်ကောင်းများ ရွေးချယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) ဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် မေ ၂၁ ရက်က ကျင်းပသည့် ၆၁ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ ပြည်သူလူထုများအား အသိပေးနှိုးဆော်လိုသည်မှာ ၂၀၂၀ ခုနှစ်တွင် ရွေးကောက်ပွဲ ထပ်မံရောက်ရှိလာတော့မည် ဖြစ်သဖြင့် ၂၀၁၀ ခုနစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ အတွေ့အကြုံများ ရရှိထားခဲ့ကြပြီးဖြစ်သဖြင့် ပြည်သူများကိုယ်စား လွှတ်တော်တွင်း၌ သွားရောက်ကိုယ်စားပြုပေးမည့် မိမိလူမျိုးနှင့် လူထုအပေါ် ချစ်ခင်လေးစားသည့် လွှတ်တော်ကိုယ်စားလှယ်ကောင်းအား ရွေးချယ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လွန်ခဲ့သည့် အစိုးရနှစ်ဆက်တွင် မိမိတို့ရှမ်းပြည်အတွက်နှင့် ရှမ်းပြည် ပြည်သူလူထုများအတွက် မယ်မယ်ရရ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။ လွှတ်တော်တွင်း၌ လူပြည့်ရုံမျှသာဖြစ်ခဲ့သည်” ဟု RCSS ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ နိုင်ငံတော် အခြေခံဥပဒေများအား သုံးသပ်ခြင်း၊ ပြုပြင်ခြင်းနှင့်  အကောင်အထည်ဖော်ခြင်း၊ လူထုကိုယ်စားပြုပေးခြင်း၊ လူထုအရေး လူမျိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခြင်းနှင့် တိုင်းပြည်တိုးတက်ကြီးပွားစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း စသည့်တာဝန်များရှိကြောင်း၊ ထို့ကြောင့် ကိုယ်ကျိုးကြည့်သည့်သူအား မိမိတို့ပြည်သူများ၏ လူထုကိုယ်စားများအဖြစ် မရွေးချယ်ကြစေရန် တိုက်တွန်းနှိုးဆော်ကြောင်း RCSS ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်လက်၍ မိမိတို့ ရှမ်းပြည်အတွက် အနာဂတ်နိုင်ငံရေးအတွက် ပြည်သူလူထုများက ပြုပြင်၊ ချစ်ခင်၊ စည်းလုံး၊ ကူညီဆိုသည့် အချက်များအပေါ်ရပ်တည်ပြီး မိမိတို့၏ အမျိုးသားရေး၊ တိုင်းပြည်အရေး၊ ဘာသာယဉ်ကျေးမှုအရေးနှင့် သာသနာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ကြောင်း၊ မိမိတို့ ရှမ်းလူမျိုးများအနေဖြင့် ရောက်ရာနေရာတွင် မိမိတို့၏ ရှမ်းစာပေအား သင်ကြားကြခြင်း၊ ရှမ်းသမိုင်းအား လေ့လာခြင်း၊ ရှမ်းယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ တိုးတက်မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းများနှင့် တိုင်းတစ်ပါးကဲ့သို့ မိမိတို့ ရှမ်းစာပေသည်လည်း တက္ကသိုလ်အဆင့်အတန်းအထိ တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် မိမိတို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS /SSA) အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ RCSS /SSA သည် ပြည်သူလူထုများ ငြိမ်းချမ်းရေးသို့ လျှောက်လှမ်းနိုင်စေရန် တံတားခင်းပေးခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့ ရှမ်းပြည်အမျိုးသားများ ငြိမ်းချမ်းရေးသို့ လျှောက်လှမ်းနိုင်စေရန် ပြည်သူလူထုများအနေဖြင့် တာဝန်သုံးရပ်ရှိကြောင်း၊ ယင်းတာဝန်သုံးရပ်မှာ (၁) အစိုးရ၊ တပ်မတော်နှင့် အဖွဲ့အစည်းတိုင်း၏ NCA သဘောတူညီချက်များ အပေါ်လိုက်နာခြင်း ရှိ မရှိ လေ့လာသုံးသပ်ပေးကြရမည်ဖြစ်ကြောင်း၊ (၂) မိမိတို့ ရှမ်းစာပေ၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း (၃) နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်သူလူထုများ ပါဝင်လာကြရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် မိမိတို့၏ အမျိုးသားစည်းလုံးညီညွတ်ရေး စသည့်အချက်များသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် လုပ်ငန်းတာဝန်များပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment