Thursday, May 23, 2019

ယခင် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ယခင် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အား အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စပါးရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူလျက် လာဘ်ငွေရယူအဂတိလိုက်စားပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းပြင်ပဆောင်ရွက်နေခြင်းကို အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်း ကျေးရွာအုပ်စုမှ တောင်သူ ၁၄ ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၈၉၇၀၅၆၀ ကို ၂၀၁၇ ဇူလိုင် ၂၀ ရက်တွင် ပေးဆပ်သည်ဟု မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ၂၀၁၇ ဇူလိုင် ၂၁ ရက် တွင် ယင်းတောင်သူ ၁၄ ဦးအား ၂၀၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေသစ် ထုတ်ချေးပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေပေးဆပ်ရန်ကျန် တောင်သူ ၁၁ ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀ဝ၀ နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်းပေးရငွေ ကျပ် ၇၇၀၅၅၀ ကို ဒေါ်မာလာတင်က ကိုယ်တိုင်လက်ခံရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုးငါးရာခိုင်နှုန်းဖြင့် ကျပ် ၇၇၀၅၅၀ ကို မိမိကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မရဲ စခန်းတွင် ၂၀၁၉ မေ ၂၁ ရက်တွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment