Thursday, May 23, 2019

ထိုင်းဥယျာဉ်အတွင်း အမဲပစ်ထွက်သည့် ကေအန်ယူ စစ်သားတဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တောထဲ အမဲပစ်ထွက်လာတဲ့ ကေအန်ယူစစ်သားတဦးကို သားကောင်အသေတွေ၊ သေနတ်နဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဆိုင်ယောက်ခ်အမျိုးသားဥယျာဉ် အကြီးအကဲ ပနာချာခွန် ဖိုဘန်ဒစ်က ဥယျာဉ် တာဝန်ကျကင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေပါဝင်တဲ့အဖွဲ့က မနေ့က ညပိုင်းမှာ ကင်းလှည့် စစ်ဆေးချိန်မှာ ကေအန်ယူစစ်သား ၃ ဦးရှိနေတဲ့ စခန်းတခုကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။


အဲဒီနေရာဟာ ထိုင်း-မြန်မာနယ်စပ်ကနေ ၃ ကီလိုမီတာလောက် အကွာမှာတည်ရှိပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆာတုအမည်ရတဲ့ ကေအန်ယူစစ်သားကိုတော့ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ဆာပွီးအမည်ရတဲ့ နောက်တယောက်ကတော့ ပုခက်ပေါ်က ခုန်ချထွက်ပြေးသွားခဲ့ တာပါ။ ခိုရာ အမည်ရတဲ့ နောက်ဆုံးတယောက်ကတော့ စခန်းကို ကင်းအဖွဲ့တွေ ရောက် မလာခင်ကတည်းက ထွက်သွားခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကေအန်ယူစစ်သားတွေ စခန်းချရာနေရာမှာ ကြပ်တိုက်ထားတဲ့ အလေးချိန် ၃ ကီလိုဂရမ်ရှိတဲ့ ၀ံကြောင်သားတွေ၊ ၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အာသံမျောက်သားတွေကို ထိုင်းတာဝန်ရှိသူတွေဟာ သိမ်းယူရရှိခဲ့ပြီး ဒီသားကောင်တွေဟာ သားရိုင်းတိ ရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေး ဥပဒေအရ ထိန်းသိမ်းထားတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာတော့ Colt AR-15 အမျိုးအစား ရိုင်ဖယ် သေနတ်နဲ့ ကျည်ဆံ ၃၈ တောင့်၊ Baikal အမျိုးအစား ရိုင်ဖယ်သေနတ်နဲ့ ကျည် ၇ တောင့်တို့နဲ့အတူ လက်လုပ်ရိုင်ဖယ်တလက်လည်း ပါဝင်နေတာပါ။

အမျိုးသားဥယျာဉ် အကြီးအကဲ ပနာချာခွန်က အဆိုပါ ကေအန်ယူစစ်သား ၃ ယောက်ဟာ ထိုင်းနိုင်ငံနယ်မြေထဲကို ရိက္ခာအတွက် အမဲလိုက်ဖို့  မေလ ၂၁ ရက်နေ့မှာ တရားမ၀င် ခိုးဝင်လာခဲ့ကြတာလို့ ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ စစ်သားကို ဆိုင်ယော့ခ်ခရိုင်ရဲဌာနမှာ စစ်ဆေးနေပြီး နယ်မြေဖြတ်ကျော် တရားမ၀င်ခိုးဝင်မှု၊ ထိန်းသိမ်းကာကွယ်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ပြီး လက်ဝယ်တွေ့ရှိမှုနဲ့ လက်နက်လက်ဝယ်ကိုင်ဆောင်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရ နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

No comments:

Post a Comment