Thursday, May 23, 2019

နေ့အပူချိန် မြင့်တက်ခြင်းနှင့် ကန်ရေ ခန်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေ ရှားပါးနေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေသွားရောက် လှူဒါန်း

နေ့အပူချိန် မြင့်တက်ခြင်းနှင့် ကန်ရေ ခန်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေ ရှားပါးနေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက် နှင့် ကျောက်ကန် ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ မေ ၂၂ ရက်က ရေသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ေ သာက်သုံးရေ ရှားပါးမှု ကြုံတွေ့နေသည့် အိမ်ခြေ ၃၀ဝ ကျော်ရှိသော ကန်နီပေါက် ကျေးရွာမှာ ကျေးရွာရှိ စက်ရေတွင်းမှ ရေငန်သာ ထွက်ရှိသည့်အတွက် ကန်ရေအားထား သုံးစွဲရပြီး ယခုအခါ ကန်ရေ ခန်းခြောက်မှုကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရခြင်း ဖြစ်သည်။



လက်ရှိ နွေကာလတွင် သောက်သုံးရေအတွက် အလှူရှင်များ လာရောက် လှူဒါန်းသည့် ရေကို အားထား သုံးစွဲရပြီး သောက်သုံး ရေပြတ်လပ်ချိန်တွင် ရေတစ်စည် ကျပ် ၂၀ဝ၀ ဖြင့် ဝယ်ယူ သုံးစွဲရကြောင်း ဒေသခံများထံမှ သိရသည်။ “လက်ရှိ မီးကလည်း မမှန်တော့ ရွာစက်တွင်းကို ရေသိပ်မရဘူး။ သုံးရေအတွက်ကို အလျင်မီအောင် အတော် လုပ်နေရတယ်။ ရွာစက်တွင်းက သုံးရေနဲ့ နွားတိုက်ဖို့ပဲ ရတယ်။ ရေက ငန်တော့ ထမင်းချက်လည်း ဝါပြီး အစိုအတိုင်းပဲ။ သောက်ရင်လည်း ဆီးအောင့်တယ်။ သောက်ရေကတော့ ကန်ရေ အားထားရတယ်။ ကန်ကလည်း မနှစ်က မိုးမကောင်းတော့ ရေသိပ် မရလိုက်ဘဲ ပြာသိုလလောက် ကတည်းက ရေကုန်သွားတယ်။ ရေရှားတာတော့ သုံးလလောက် ရှိပြီ။ အလှူရှင် အားကိုးနေရတာ။ ဝယ်သုံးဖို့ ဆိုတာလည်း ရေလာရောင်းတဲ့ ကားလာမှ ရတာ” ဟု ကန်နီပေါက်ရွာမှ ကိုအောင်ဇော်က ပြောကြားသည်။

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေသည့် အိမ်ခြေ ၃၀ဝ ကျော်ရှိသော ကျောက်ကန်ကျေးရွာမှာ စက်ရေတွင်းမှ ရေငန်သာ ထွက်ရှိသည့်အပြင် ကျေးရွာ သောက်ရေကန်မှာလည်း ရေ ခန်းခြောက်နေသည့်အတွက် ရေရှားပါးမှု ကြုံတွေ့နေရသည့် ကျေးရွာ ဖြစ်သည်။

သောက်သုံးရေ ရှားပါးနေသည့် ကန်နီပေါက် ကျေးရွာနှင့် ကျောက်ကန် ကျေးရွာများသို့ ရေလှူဒါန်းခြင်း အပါအဝင် အခြားသော ရေရှားပါးသည့် ဒေသများ လှူဒါန်းရန်အတွက် ဒေါက်တာတင့်ဆွေ မိသားစု (ပခုက္ကူ ) က ကျပ် ၅၀ဝ၀ဝ ၊ ဦးကိုကိုနိုင် + ဒေါ်မူမူအေး (ပခုက္ကူ )က  ကျပ်  ၅၀ဝ၀ဝ ၊ ဒေါ်တင်တင်ဝင်း (အင်္ဂ္လိပ်စာဌာန ပြည်တက္ကသိုလ်) က ကျပ် ၃၅၀ဝ၀ နှင့် ဒေါ်ခင်ကြည် (ရန်ကုန်)က ကျပ် ၃၅၀ဝ၀ ထည့်ဝင် လှူဒါန်းခဲ့သည်။

ညောင်ဦးနှင့် ပခုက္ကူခရိုင်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများအား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ဖေဖော်ဝါရီ လကုန်ပိုင်းမှ ယခု မေလကုန်ပိုင်းထိ ရေဂါလန် သုံးသိန်းကျော် လှူဒါန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလထိ ရေဂါလန် နှစ်သန်းနီးပါး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

မိုးရွာသွန်းမှု နည်းပါးခြင်း ၊ လျှပ်စစ်မီး မလုံလောက်ခြင်းနှင့် နေ့အပူချိန် မြင့်တက်ခြင်းတို့ကြောင့် ရေလိုအပ်ချက် များပြားလာပြီး အချို့သော ကျေးရွာများမှာ ကန်ရေ ခန်းခြောက်ခြင်း၊ စက်ရေတွင်း ချို့ယွင်းခြင်းများကြောင့် ရေရှားပါးမှု ပိုမို ကြုံတွေ့လာကြောင်း သိရသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group မှ ၂၀၁၉ နှစ်အတွင်း မြိုင်မြို့နယ် ရွာတန်းရှည်၊ ဆယ်ပြား၊ ဖလန်ကန်၊ ပန်းတိုင်းတော၊ သံဘိုကျေးရွာ၊ ညောင်ဦးမြို့နယ်အတွင်း ကန်နီပေါက်၊ ကျောက်ကန်၊ ငပိုင်၊ ညောင်လှ၊ သပြေကန်၊ အိုင်းမ၊ ခွေးပြုတ်၊ ပနီတွင်း၊ ကန်စောင့်၊ စုတည်၊ သဲတွင်း၊ ထနှောင်းဝန်း ကျေးရွာများ နှင့် ပခုက္ကူ၊ ရေစကြိုမြို့နယ်တွင်း ကျေးရွာများ အား ရေလှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment