Thursday, May 23, 2019

လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးနေစဉ် MRTV ရုပ်သံလိုင်း ထုတ်လွှင့်မှု ပြတ်တောက်သွားခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် မှန်ကန်ကြောင်း ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ပြောကြား

လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးနေစဉ် MRTV ရုပ်သံလိုင်း ထုတ်လွှင့်မှု ပြတ်တောက်သွားခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် မှန်ကန်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

မေ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအား ဆွေးနွေးနေစဉ် Fiber လိုင်း ပြတ်တောက်သွားသည် ဟုဆိုကာ လွှတ်တော်ချန်နယ် ထုတ်လွှင့်မှု ပြတ်တောက် သွားသည့်ကိစ္စတွင် တပ်မတော်ဘက်မှ ထုတ်ပြန်ချက်နှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များသည် ကွဲလွဲမှုရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ အရေးယူမှုအချို့ပြုလုပ်နေသည်ကို သိရှိရကြောင်း၊ မည်သည့်ပုံစံဖြင့် အရေးယူခဲ့သည်ကို ပွင့်လင်းမြင်သာစွာ ချပြရန် အစီအစဉ် ရှိ မရှိ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို ပြန်ကြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"စောစောက Fiber ဆက်ကြောင်း ပြတ်တောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ထပ်မေးတဲ့အတွက်ကြောင့် ပြောမယ် ဆိုလို့ရှိရင်တော့ အဲဒီနေ့က Fiber ဆက်ကြောင်း ပြတ်တောက်တယ်ဆိုတဲ့ ပြောဆိုခဲ့တယ်ပေါ့။ အဲဒီတော့ တပ်မတော် ဆက်သွယ်ရေးဘက်ကနေပြီး သတင်းပြန်ပြီးတော့ ထုတ်ပြန်တယ်။ သူတို့ထုတ်ပြန်တာ မှန်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ စောစောပိုင်းက ထွက်ပေါ်တဲ့ သတင်းသည် မမှန်ပါဘူး။ မမှန်တဲ့ အချက်အလက်အပေါ်မှာ အခြေခံပြီးတော့ အဲဒီလို စောစောက ထွက်သွားတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကို ဘာကြောင့် မမှန်မကန်သတင်း ဖြစ်ရသလဲဆိုပြီးတော့ သက်ဆိုင်တဲ့သူတွေကို အရေးယူတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပနေမှုများကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ MRTV လွှတ်တော် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အရေးကြီးအဆို တင်သွင်းခြင်းအပေါ် ဆွေးနွေးစဉ် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှ ၂၅ မိနစ်အထိ ၅ မိနစ်ခန့် လွှတ်တော အစည်းအဝေး ကျင်းပနေမှု ထုတ်လွှင့်ခြင်း ပြတ်တောက်၍ တေးသီချင်းများကို ထုတ်လွှင့်ပြသခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းအပေါ် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးစဉ် MRTV လွှတ်တော်ချန်နယ် ထုတ်လွှင့်မှု ပြတ်တောက်မှုသည် Fiber Network လိုင်ကျခြင်းကြောင့် ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ လွှတ်တော်နှင့် မြန်မာ့အသံအကြား ဆက်သွယ်ထားသော Fiber Network လိုင်းကျခြင်းအား MRTV(တပ်ကုန်း) မှ ဆက်သွယ်မှု တာဝန်ခံက ဇန်နဝါရီလ ၂၈ ရက်တွင် နေပြည်တော်ရှိ တပ်မတော် ဆက်သွယ်ရေး လုပ်ငန်းတာဝန်ခံ အရာရှိသို့ ဖုန်းဖြင့် အကြောင်းကြားလာသဖြင့် ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီမှ စတင်၍ စစ်ဆေးပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင်လည်း MRTV(တပ်ကုန်း) မှ တာဝန်ရှိသူနှင့် စစ်ဆေးရေးအဖွဲ့တို့ အပြန်အလှန် ဖုန်းအဆက်အသွယ်ယူ၍ ဆောင်ရွက်ခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း၊ အဆိုပါ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း Fiber Network လိုင်းအား အသုံးပြုနိုင်ခြင်း မရှိသဖြင့် MRTV မှ နံနက် ၁၀ နာရီ နောက်ပိုင်း ထုတ်လွှင့်နေသော ထုတ်လွှင့်မှုအားလုံး အခြားနည်းလမ်းဖြင့်သာ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်းတွေ့ရှိရသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းအပေါ် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးစဉ် MRTV လွှတ်တော်ချန်နယ် ထုတ်လွှင့်မှု ပြတ်တောက်မှုသည် Fiber Network လိုင်းကျခြင်းကြောင့် ပြတ်တောက်ခဲ့မှု ဖြစ်ကြောင်းကို မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများနှင့် MOI Webportal Myanmar လူမှုကွန်ရက် စာမျက်နှာတို့၌ ဖေဖော်ဝါရီလ ၁ ရက်က ရေးသား ဖော်ပြခဲ့ခြင်းသည် မှန်ကန်မှု မရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “အဲဒါ စောစောက ပြောတဲ့အတိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက်နေဆဲ ကိစ္စလို့ တစ်စိတ်တစ်ပိုင်းပေါ့၊ တစ်စိတ်တစ်ပိုင်း ပြီးစီးပါပြီ။ သို့သော် ဆောင်ရွက်စရာ ကျန်ရှိနေသေးတဲ့ အတွက်ကြောင့် ကျွန်တော်တို့ လောလောဆယ်မှာ ပြောလို့ မရသေးပါဘူး။ တကယ်လို့ အရေးယူမှုတွေ ပီပီသသ တကယ်လို့ ဆောင်ရွက်ရတာ ရှိလို့ရှိရင် ဒါတွေက ကျွန်တော်တို့ စောစောကပြောတဲ့ ထုတ်ပြန်ရတဲ့ နေရာတွေ ရှိပါတယ်။ အဲဒါတွေကြောင့် အပြင်ကို မလွဲမသွေ ထုတ်ပြန်မှာပါ" ဟု ပြောကြားသည်။

ထိုသို့ လွှတ်တော်ချန်နယ် ထုတ်လွှင့်မှု ပြတ်တောက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများအား အရေးယူ ဆောင်ရွက်နေကြောင်း၊ အရေးယူဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း ပြီးစီးပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

"အရေးယူ ဆောင်ရွက်နေတာသည် တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ပြီးပါပြီ။ နောက်ဆက်တွဲ ကိစ္စလေးတွေ ရှိတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီနေရာမှာ ပြောလို့ရတာတော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ နေရာက အရာရှိတွေ တစ်ချို့လည်း ပါဝင်တယ်။ ပါဝင်တာ ဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒီလိုပုဂ္ဂိုလ်တွေကို အရေးယူ ဆောင်ရွက်ရလို့ရှိရင် ဖုံးထားလို့ မရပါဘူး။ အသိပေးရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ရှိရင်တော့ ကျွန်တော်တို့ ပွင့်လင်းမြင်သာစွာနဲ့ ထုတ်ဖော်ပြောဆိုမှာပါ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

No comments:

Post a Comment