Wednesday, May 15, 2019

ပုဂ္ဂလိကသင်တန်းကျောင်းတွင် မီးစက် မီးခိုးငွေ့ကြောင့် ကျောင်းသား ၁၆ ဦးနှင့် ဆရာမ ငါးဦး မူးမေ့ပြီး ဆေးရုံရောက်

မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ပုဂ္ဂလိက ဘာသာစကားသင်တန်း ကျောင်းတစ် ခုတွင် မေလ ၁၄ ရက် နံနက်က လျှပ်စစ်မီးပြတ်တောက်သဖြင့် မီးစက်နှိုးကာ စာသင်နေစဉ် စာ သင်ခန်းအတွင်း မီးခိုးငွေ့ဝင်၍ ကျောင်းသား ၁၆ ဦးနှင့် ဆရာမ ငါးဦး မူးမေ့ကာ ရန်ကုန်ဆေးရုံကြီး နှင့် အင်းစိန်ဆေးရုံ အရေးပေါ် ဌာနသို့ ပို့ဆောင်ခဲ့ရသည်။ ‘‘မီးစက်မီးခိုးငွေ့ကြောင့် အခန်းထဲမှာ အောက်ဆီဂျင်နည်းသွားပြီး ကာဗွန်ဒိုင်အောက်ဆိုက် များပြီး ဖြစ်သွားတာလို့ ကျန်းမာရေးဘက်က လာစစ်ပြီး ပြောသွားတယ်။ မီးစက်ကို အတွင်းခန်းထဲ ထားတာမဟုတ်ဘဲ အပြင်ဘက် လေရတဲ့နေရာမှာ ထားလိုက်ရင် အဆင်ပြေတယ်လို့ အကြံပေးသွားတယ်။ အခန်းတွေက မှန်တွေနဲ့ ပိတ်ထားတာ။ အထဲမှာ ပန်ကာတွေတပ်ပြီး လေ ၀င်အောင် လုပ်ထားရမှာ’’ဟု မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ် ယဉ်ထွန်းက ပြောသည်။


အသက်(၉) နှစ်မှ (၁၂)နှစ် အရွယ် ကလေးငယ်များကို စာသင်ခန်းအတွင်း စာမေးပွဲစစ်ဆေး စဉ် နံနက် ၉ နာရီခန့်၌ လျှပ်စစ်မီးပြတ်၍ သင်တန်းမီးဖိုချောင်ရှိ မီးစက်ကို နှိုးကာ စာမေးပွဲ ဆက်စစ်ခဲ့ကြောင်း၊ နှစ်နာရီကြာပြီး နောက် နံနက် ၁၁ နာရီခန့် မီးပြန်လာချိန်တွင် ဆရာမက မီးဖိုချောင်တံခါးဖွင့်ကာ မီးစက်ပိတ်ချိန်၌ မီးခိုးငွေ့ရှူမိပြီး ပထမဆုံး မေ့လဲခဲ့ကြောင်း ဒေါ်ယဉ်ယဉ်ထွန်းက ပြောသည်။

စာသင်ခန်းသို့ ဆရာမ ပြန်မလာ၍ ကလေးနှစ်ဦး မီးဖိုခန်းသို့ ထပ်လိုက်သွားရာ ထိုကလေးနှစ်ယောက်ပါ ထပ်မံ မူးမေ့လဲပြီး စာသင်ခန်းနှင့် သင်တန်းအရှေ့ခန်းကိုပါ မီးခိုးများ ပျံ့နှံ့သွားကာ သင်တန်းတွင်ရှိနေသည့် ကျန်ဆရာမ လေးဦးနှင့် ကလေး ၁၂ ဦးပါ မူးမေ့လဲခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

သင်တန်းတွင်ရှိနေသည့် ကလေးတစ်ဦးက သင်တန်း အပြင်လမ်းမသို့ ပြေးထွက်ကာ မူးတယ်ဟုပြောရာမှ အထဲတွင် ကျောင်းသားနှင့် ဆရာမများ မူးလဲနေသည်ကို ကျောင်းလာကြိုသည့် မိဘများက တွေ့ရှိခြင်း ဖြစ်သည်။

‘‘မီးပြတ်နေတဲ့အချိန် မီးစက်နှိုးထားတာပေါ့။ မီးလည်းလာရော မီးစက်သွားပိတ်တာ။ မီးစက်က အိမ်ရဲ့မီးဖိုချောင်မှာ ထားထားတာ။ တံခါးဖွင့်လိုက်တဲ့ အချိန်မှာ မီးခိုးတွေ ဝင်လာရင်းနဲ့ ဖြစ်သွားတာ။ ကလေးတွေတော့ ဘာမှ မဖြစ်ပါဘူး။ မီးခိုးမွှန်သွားတာပါ’’ဟု ထိုသင်တန်းကျောင်း အနီး နေသူတစ်ဦးကပြောသည်။

ပထမဆုံးမူးလဲသည့် ဆရာမနှင့် ကလေး လေးဦးကို အင်းစိန်ဆေးရုံ၊ ဆရာမ လေးဦးနှင့် ကလေး ၁၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ပြီး မေလ၁၄ ရက်ညနေတွင် ရန်ကုန်ဆေးရုံမှ ဆရာမများနှင့် ကလေးများဆေးရုံဆင်းပြီဖြစ်သည်။ အင်းစိန် ဆေးရုံကြီးတွင် တင်ထားရသည့်ဆရာမနှင့် ကလေး လေးဦးလည်း လက်ရှိအထိ စိုးရိမ်ဖွယ်မရှိဘဲ ဆေးရုံတွင် ၂၄ နာရီ ပြည့်အောင်စောင့်ကြည့်မည်ဟု ဒေါ်ယဉ်ယဉ် ထွန်းက ဆိုသည်။

ကလေးများကို ဆေးရုံသို့ ကူညီပို့ပေးသည့် ကိုဖိုးဇော်က ‘‘ကလေးတွေက သက်သာတယ်။ဆရာမပဲ အောက်ဆီဂျင်ပေးရ တယ်။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ကွန်ရက်အဖွဲ့တွေ သွားကူညီပေးခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးက ကလေးတွေတော့ ဆင်းသွားကြပါပြီ’’ဟု ပြောသည်။ ထိုဘာသာစကား သင်တန်းကျောင်းကို ယင်းရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည်မှာ ၁၀ နှစ်ကျော်ကြာပြီ ဖြစ်ပြီး အသက် (၉) နှစ်အရွယ်မှ တက္ကသိုလ်ဘွဲ့ရ အရွယ်များအတွက် အင်္ဂလိပ်ဘာသာ စကားသင်တန်းများ ဖွင့်ထား သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားခြင်း မရှိဟု ဒေါ်ယဉ်ယဉ်ထွန်း က ဆိုသည်။

No comments:

Post a Comment