Wednesday, May 15, 2019

အဝေးသင် စနစ်ကိစ္စနှင့် ပတ်သက်၍ ဒဂုံ တက္ကသိုလ် အဝေးသင် ကျောင်းသားထုဘက်မှသာ ရပ်တည်မည်ဖြစ်ကြောင်း ဒ. တ. က. သ ကြေငြာချက် ထုတ်ပြန်

ပညာရေး ဝန်ကြီး ဌာန အနေဖြင့် အနီးကပ် (Orientation)နှစ်ရက်ခွဲတက်ရမည့် အဝေးသင် စနစ်သစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလာပါက ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဒ. တ. က. သ)သည် ဒဂုံ တက္ကသိုလ် အဝေးသင် ကျောင်းသားထုဘက်မှသာ ရပ်တည်မည်ဖြစ်ကြောင်း မေ (၁၄)ရက် ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။



ထိုထုတ်ပြန်ချက်တွင် ကျောင်းတက်ချိန် အနီးကပ် (၁၀)ရက် တစ်ကြိမ် တက်ရမည်ကို (၅)ရက် နှစ်ကြိမ် ခွဲခြားတက်ခိုင်းခြင်းအား အဝေးသင် ပညာရေး စနစ်သစ်အဖြစ် ပြောင်းလဲလိုက်သည်ဟု မှတ်ယူနေသော ပညာရေး ဝန်ကြီး ဌာနအပေါ် များစွာ စိတ်ပျက်မိကြောင်း၊ အဝေးသင် ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရာတွင် ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပြင်ပ ပညာရှင်များ၏ သဘောထားများကို သုတေသနများ ပြုလုပ်ပြီး ခေတ်မှီ နည်းပညာများ အသုံးပြု၍ အဆင့်မြှင့်တင်ခြင်းကိုသာ လိုလားကြောင်း၊ လက်ရှိ အဝေးသင် ပညာရေး စနစ်သည် ကျောင်းအပ်နှံခြင်း၊ စာစဉ်ထုတ်ခြင်း၊ စာစဉ်အပ်ခြင်း စသည့် လုပ်ငန်း အဆင့်ဆင့်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်း၊ စာစဉ်နှင့် အခြား စာရွက်စာတမ်းများ အချိန်မှီ မရရှိခြင်း၊ တစ်နှစ်စာ သင်ခန်းစာများကို အချိန် အနည်းငယ်အတွင်း သင်ကြားနေရခြင်းတို့ကြောင့် ကျောင်းသားများအတွက် အကျိုး မပြုသော စနစ်တစ်ခုဖြစ်ပြီး မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဟု မှတ်ယူကြောင်း ပါရှိသည်။

ထိုအဝေးသင် ပညာရေး စနစ်သစ်ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ရတနာပုံ တက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံး (သမဂ္ဂ) ဥက္ကဌ ဆိုသူက အဆင့်မြင့် ပညာရေး ဦးစီး ဌာနထံ တောင်းဆိုပြီးနောက် ကျောင်းသား သမဂ္ဂ အသီးသီး၏ ထိုအဝေးသင် ပညာရေး စနစ်ကို လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

No comments:

Post a Comment