Wednesday, May 15, 2019

အမေဇုန်သစ်တော ပြုန်းတီးမှု ကာကွယ်နိုင်ရေး ဘရာဇီးမျိုးနွယ်စု အကြီးအကဲ ကြိုးပမ်း

အမေဇုန်သစ်တောရဲ့ ရှင်ဂူ သီးသန့်နယ်မြေကို ကယ်တင်ဖို့အတွက် ဘရာဇီးမျိုးနွယ်စု  အကြီးအကဲ ဟာအိုနီမယ် တိုတာရယ်နဲ့ တခြား အမေဇုန် တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ မေလ ၁၃ ရက်နေ့က ပဲရစ်မြို့မှာ ပြင်သစ် သဘာဝပတ်ဝန်းကျင်ဝန်ကြီးကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ အဲဒီ သီးသန့်နယ်မြေအတွက် ရန်ပုံငွေရရှိဖို့ ဥရောပတဝှမ်း သီတင်း ၃ ပတ်ကြာ ခရီးကို စတင်နေတာပါ။ အသက် ၈၀ ကျော်အရွယ် ခါယက်ပိုလူမျိုးတွေရဲ့ အကြီးအကဲဟာ မေလ ၁၃ ရက်နေ့ကနေ ၃၁ ရက်အတွင်း နိုင်ငံအကြီးအကဲတွေ၊ ပုပ်ရဟန်းမင်းကြီး၊ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အမေဇုန်သစ်တော ပြုန်းလာနေတာကို ကမ္ဘာက သတိပြုမိစေဖို့နဲ့ အဲဒါကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ယူရိုငွေတသန်း ရန်ပုံငွေရဖို့ ကြိုးပမ်းမှာပါ။


ဘရာဇီးနိုင်ငံမှာ ဌာနေတိုင်းရင်းသား ၈ သိန်းခွဲကျော်ရှိပြီး နိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်းအောက် ရှိပါတယ်။ သူတို့ဟာ နိုင်ငံနယ်မြေရဲ့ ၁၃ ရာခိုင်နှုန်းရှိတဲ့ သီးသန့်နယ်မြေတွေမှာ နေထိုင်ကြပါတယ်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ဌာနေတိုင်းရင်းသား လူဦးရေနဲ့ယှဉ်ရင် နယ်မြေဧရိယာဟာ အတော်ကို ကြီးနေပြီး အဲဒီအတွက် သီးသန့်နယ်မြေ နယ်နိမိတ်ကို ပြန်လည်သုံးသပ်မယ်လို့ ကတိပြုထားပါတယ်။

မြေယာပိုမိုရရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းချုပ်မှု နည်းပါးတာ ရရှိဖို့ ကြိုးပမ်းတဲ့ လယ်ယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ထောက်ခံမှုနဲ့ ဘော်ဆိုနာရိုဟာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

No comments:

Post a Comment