Wednesday, May 15, 2019

မီးပျက်မည်၊ လာမည်ကို ပြည်သူကိုလိမ်ပြော၍မရဟု လျှပ်စစ်ဝန်ကြီးဟောင်းဦးခင်မောင်စိုးပြော

မီးပျက်မည်၊ လာမည်ကို ပြည်သူကိုလိမ်ပြော၍ မရကြောင်း လျှပ်စစ်ဝန်ကြီးဟောင်းဦးခင်မောင်စိုးက ပြောလိုက်သည်။ ရန်ကုန်မြို့ရှိဂန္ဓာမာဟိုးဆေးတွင် မေလ ၁၄ ရက်က ကျင်းပသောစိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတွင် အကုန်သိသတင်းဌာနတွေ့ဆုံမေးမြန်းမှုကို ဖြေကြားပေးခြင်း ဖြစ်သည်။



“လျှပ်စစ်ဆိုတာက ပြည်သူကိုလိမ်ပြောလို့ရတဲ့ဟာမဟုတ်ဘူးလေ။ မီးကလာမယ်ဆိုလာမယ်။ မလာဘူးဆို မလာဘူး။ ဟုတ်လား။အဲဒီတော့ ဥပ မာဒီတစ်နှစ်စာ လျှပ်စစ်မီးနွေရာသီပေးမယ်ဆိုရင် အနည်းဆုံး ကျွန်တော်တို့ကတစ်နှစ်လောက်ကြိုစဉ်းစားရတယ်။ ငါတို့လာမယ့်နွေရာသီမှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုသလဲ။ အဲဒီလျှပ်စစ်ဓာတ်အားဘယ်လောက်ကို ငါတို့ထုတ်နိုင်အောင် ဘယ်လိုကြိုးစားမလဲ ဆိုတာကို ကျွန်တော်တို့ကတစ်နှစ်လောက်ကြိုပြီးပလန်အစီအစဉ်ဆွဲရတယ်။ ဒါကကာလတိုအစီအစဉ်ပေါ့။ ကာလရှည်ဆိုတာကတော့ ၂၀၁၉ မှာ မဂ္ဂါဝပ်ဘယ်လောက်လိုမယ်။ ၂၀၂၀ မှာဘယ်လောက်လိုမယ်ဆိုတာကို ကျွန်တော်တို့ ကရေအားတွေ၊ သဘာဝဓါတ်ငွေ့တွေ၊ စက်တွေကိုကြိုပြီးတော့ တည်ဆောက်ထားဖို့လိုတယ်။ ဥပမာ- အထက်ရဲရွာပေါ့ဗျာ။အထက်ကျိုင်းတောင်းတို့၊ ပေါင်းလောင်းတို့ သူဌေးချောင်းတို့လို ရေအားလျှပ်စစ်တွေ အဲဒါတွေသာတကယ်ပြီးခဲ့ရင် အခုမီးကဘာမှဖြစ်စရာမရှိဘူး။ အခုကျတော့ ဒါတွေက မပြီးဘူးပေါ့။ မပြီးတော့ ဒီပြဿနာနည်းနည်းရှိတာပေါ့’’ဟု ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်မောင်စိုးက ပြောသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းတိုးတက်လျက်ရှိပြီး တစ်နှစ်လျှင်မဂ္ဂါဝပ် ၃၀၀မှ ၅၀၀ ကြားလိုအပ်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၀၉ သန်း၊ ၄၃ ရာခိုင်နှုန်းခန့်လျှပ်စစ်ဓါတ်အားရရှိခဲ့ပြီး ၆.၁၆၈ သန်း၊ ၅၇ ရာခိုင်နှုန်းဓာတ်အားစနစ်မှလျှပ်စစ်ဓာတ်အားရရှိရန်ကျန်ရှိနေသေးကြောင်း သိရသည်။
ယခုအစိုးရလက်ထက်တွင်ပြည်သူများအနေဖြင့်ပိုမိုတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကိုရရှိသုံးစွဲနေရပြီး ဓာတ်အားပြတ်တောက်မှုများလည်း ယခင်ကထက်နည်းလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ မြင်းခြံသဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသေးသည်။

No comments:

Post a Comment