Wednesday, May 15, 2019

သမုဒ္ဒရာကြမ်းပြင်တွင် အမှိုက်များမြင်တွေ့ရမှု စိတ်ပျက်စရာကောင်းဟု သိပ္ပံပညာရှင်များ ပြော

သမုဒ္ဒရာကြမ်းပြင်မှာ အမှိုက်တွေ မြင်ရတာ အင်မတန် စိတ်ပျက်စရာ ကောင်းတယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ရင်းနှီးမြှုပ်နှံသူနဲ့ လေ့လာစူးစမ်းသူ တယောက်က လူလိုက်ပါလို့ရတဲ့ ရေငုပ်သင်္ဘောနဲ့ ကမ္ဘာ့အနက်ဆုံး ရေငုပ်လေ့လာမှုအတွင်း အမှိုက်တွေကို တွေ့ခဲ့တာပါ။ ဒီလေ့လာမှု ရုပ်သံကို Discovery Channel က ရိုက်တာသတင်းဌာနကို ပေးခဲ့တာပါ။ အငြိမ်းစား ရေတပ်အရာရှိ ဗစ်တာ ဗက်စ်ကိုဗိုက ပစိဖိတ်သမုဒ္ဒရာရဲ့ မာရီယာနာချောက်ထဲ အနက် ၆ ဒသမ ၈ မိုင်ထိ ဆင်းခဲ့တယ်လို့ ပြောပါတယ်။



အဲဒီနေရာကို အရင်က သက်ရှိလူသားတွေ တခါမှ မရောက်ခဲ့ဖူးသေးပါဘူး။ အဲဒီမှာ မတွေ့ဘူးတဲ့ သက်ရှိမျိုးစိတ်တွေ ရှိနေတာကို ဗက်စ်ကိုဗိုက တွေ့ခဲ့ပါတယ်။

ချောက်ရဲ့ ကြမ်းပြင်မှာ လေးနာရီကြာ လေ့လာနေချိန်မှာ သတ္တုနဲ့ ပလတ်စတစ် အမှိုက်တွေကို တွေ့ခဲ့တာပါ။

သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာမှာတောင် လူကြောင့်ဖြစ်တဲ့ အမှိုက်သရိုက်တွေကို မြင်ရတာ အင်မတန်စိတ်ပျက်စရာပဲလို့ သူက လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။

ဒီနေ့ထိ ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ ပလတ်စတစ်အမှိုက်တွေ တန်ချိန် သန်းတရာထိ ရောက်နေပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

သိပ္ပံပညာရှင်တွေဟာ သမုဒ္ဒရာ ရေနက်ပိုင်းတွေမှာသာ ကျက်စားတဲ့ ဝေလငါးလို နို့တိုက်သတ္တဝါတွေရဲ့ အူတွေထဲမှာပါ ပလတ်စတစ်အမှုန်တွေ ရောက်နေတာကို တွေ့ခဲ့ကြပြီးပါပြီ။

မာရီယာနာချောက်ထဲမှာ အမှိုက်တွေ့တဲ့ဖြစ်ရပ်ဟာ သမုဒ္ဒရာထဲ အမှိုက်ပစ်မှုနဲ့ ပတ်သက်ပြီး သတိထားမိမှု မြှင့်တင်နိုင်ဖို့နဲ့ အစိုးရတွေက စည်းမျဉ်းတွေကို ပိုကောင်းကောင်း ကျင့်သုံးအောင် ဖိအားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဗက်စ်ကိုဗိုက ပြောခဲ့ပါတယ်။

No comments:

Post a Comment