Wednesday, May 15, 2019

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ရည်မှန်းချက်များအောင်မြင်ရန် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများ ပြောင်းလဲရန်လိုအပ်ဟု အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ ပြောကြား

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ပါရီသဘောတူစာချုပ် ရည်မှန်းချက်များအား ရရှိရန်အတွက် ၂၀၃၀ ပြည့်နှစ်မတိုင်မီတွင် ရေနံနှင့် ကျောက်မီးသွေးကဏ္ဍဍ၌ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် နှစ်ဆတိုးရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီ IEA က မေ ၁၄ တွင် ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁.၈၅ ထရီ လျံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကအတိုင်း မပြောင်းလဲခဲ့ဟု IEA က ပြောကြားခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၈ ခုနှစ်တွင် လေးရာခိုင်နှုန်းတိုးတက်ခဲ့သည့် ကျောက်မီးသွေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် နှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး  ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုးတက်မှုဖြစ်ခဲ့ကြောင်း IEA က ဆိုသည်။ တစ်ချိန်တည်းမှာပင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍဍ၌ ရင်းနှီးမြှုပ်နှံမှု နှစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။


၂၀၁၅ ခုနှစ်က သဘောတူညီခဲ့ကြသော ရာသီဥတုတိုက်ဖျက်ရေး ပါရီသဘောတူညီချက်က ကမ္ဘာကြီးပူနွေးမှုကို နှစ်ဒီဂရီ ဆဲစီးယပ်၌ ထိန်းချုပ်ထားရန် ရည်မှန်းထားသည်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီဆဲစီးယပ်၌ ထိန်းချုပ်ထားမည်ဆိုလျှင် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်၌ ၄၅ ရာခိုင်နှုန်းလျှော့ချရ မည်ဟု ကုလသမဂ္ဂ၏  အောက်တိုဘာ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ကမ္ဘာ၏အပူချိန်သည် စက်မှုတော်လှန်ရေးစတင်ခဲ့ပြီးနောက် ၁ ဒီဂရီဆဲစီးယပ် မြင့်တက်ခဲ့ပြီးဖြစ်ကာ ယခုရာစုနှစ်ကုန်တွင် နောက်ထပ် ၃ ဒီဂရီဆဲစီးယပ် မြင့်တက်ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောကြားထားသည်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းသော မူဝါဒဦးတည်ချက်မရှိသောကြောင့်  စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများသည် အချိန်တိုတောင်းသည့် စီမံကိန်းများကို ဦးတည်ခဲ့ကြကြောင်း၊ အနာဂတ်တွင် စွမ်းအင်လိုအပ်ချက်နှင့် ဖြန့်ဖြူးမှု ကွာဟချက်ဖြစ်လာနိုင်ကြောင်း IEA က ဆိုခဲ့သည်။

လောလောဆယ်တွင် ရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်မျိုးစုံထုတ်လုပ်ရေးအတွက် ထည့်ဝင်နေကြကြောင်း၊ အထူးသဖြင့် ရေနံ၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့တွင် ရင်းနှီးမြှုပ်နှံကြကြောင်း၊ ထို့ကြောင့် လာမည့် ၁၀ စုနှစ်တွင် ခန့်မှန်းထားသော ကမ္ဘာ့စွမ်း အင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည် မဟုတ်ကြောင်း IEA က တွေ့ရှိခဲ့သည်။ ဆိုလာနှင့် လေစွမ်းအင်ကဲ့သို့သော ကာဘွန်ထုတ်လုပ်မှုနည်းသည့် ကဏ္ဍဍများ၌ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၃၀၄ ဘီလျံရှိရာမှ လာမည့်ဆယ်စုနှစ်တွင် ဒေါ်လာ ၆၀၆ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှသာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ရည်မှန်းချက်များနှင့် လိုက်လျောညီထွေရှိ မည်ဟု IEA က ပြောကြားခဲ့သည်။

No comments:

Post a Comment