DMZမှာ ထရမ့်နဲ့ လက်ဆွဲ နှုတ်ဆက်ပြီးတဲ့နောက် ကင်မ်က နယ်ခြားမျဉ်းကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယား ပိုင်နက်ဖက်ကို ခြေချဖို့အတွက် အမေရိကန် သမ္မတကို ဖိတ်ခေါ်ခဲ့သလို ထရမ့်ကလည်း လိုလိုလားလား လိုက်သွားခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဖက်ခြမ်းမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အတူယှဉ်ရပ်ရင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
ကင်မ်နဲ့ ထရမ့်တို့ DMZမှာ လူချင်းတွေ့ဖို့ ချိန်းဆိုခဲ့တဲ့နောက် ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်ဧရိယာကို တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကိုယ်တိုင် လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။ မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးဟာ နျူကလီးယား ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ဘာသဘောတူညီမှုမှ မရဘဲ ပျက်ပြယ်ခဲ့တဲ့နောက် အခုတွေ့ဆုံမှုကနေတဆင့် ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ချက်တွေလည်း အားကောင်းလာပါတယ်။
အမေရိကန် သမ္မတတွေ ဖြစ်တဲ့ ဘီလ်ကလင်တန်နဲ့ ဂျင်မီကာတာတို့ဟာ မြောက်ကိုရီးယားကို ရောက်ရှိခဲ့ဖူးပေမယ့် သမ္မတ သက်တမ်း ကုန်ဆုံးချိန်မှာ ဖြစ်ပါတယ်။ ထရမ့်ကတော့ သူ့ရဲ့ သမ္မတ သက်တမ်း ကာလမှာတင် မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုရော၊ မြောက်ကိုရီးယားမြေကို ပထမဆုံးအကြိမ် ခြေချမှုပါ မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့ပါတယ်။
No comments:
Post a Comment