Sunday, June 30, 2019

အိမ်လွမ်းနေသူ ငါးသိန်း

ကမ္ဘာ့ သက်တမ်းအရှည် ကြာဆုံးပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန် မာနိုင်ငံတွင် စစ်၏ဆိုးကျိုးကို ခံစားနေရသည့်လူဦးရေ တိုးပွား လာနေသည်ကို အစီရင်ခံစာများ က သက်သေခံနေသည်။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် တွင် ကျရောက်သော ‘ကမ္ဘာ့ဒုက္ခ သည်များနေ့’ အခမ်းအနားတစ်ခု တွင်  စစ်ဘေးသင့်ပြည်သူများ အရေးဆောင်ရွက်နေသူအများ အပြားစုဝေးခဲ့သည်။ ပြည်တွင်း စစ်ဘေးသင့်ခဲ့ရသူများ၏ မရိုးနိုင် အောင် များပြားလှသောအခက် အခဲများကို သူတို့ဖွင့်ဟသည်။ ထို သူများ၏ အနာဂတ်အတွက် လည်း သူတို့ဆော်ဩသည်။



ထို့အပြင် ၎င်းတို့ကအစီရင် ခံစာတစ်ခုကို ထုတ်ပြန်၍ အံ့ဩ ဖွယ် အချက်အလက် အချို့ကို လည်း ဖော်ပြခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်ရေး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသူဦးရေသည် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် လေးသိန်းခွဲ ကျော်ရှိနေပြီဟူ၍ဖြစ်သည်။

ယင်းပမာဏသည် ၂၀၁၄ က ကောက်ယူခဲ့သော ချင်းပြည် နယ်တစ်ခုလုံးရှိ လူဦးရေပမာဏ နှင့်တူညီသည်။ စင်ကာပူနိုင်ငံ လူ ဦးရေ၏ ဆယ်ပုံတစ်ပုံခန့်လည်း ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ရှိ ကရင်နှင့် ကရင်နီတိုင်းရင်းသား အများစုနေထိုင်သည့် ဒုက္ခသည် စခန်းများ၌ ဒုက္ခသည်ပေါင်းကိုး သောင်းခုနစ်ထောင်ခန့်ရှိသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ နေရပ်စွန့်ခွာထွက် ပြေးနေရသည့်ကချင်၊ တအောင်း နှင့် ရှမ်းလူဦးရေတစ်သိန်းခြောက် ထောင်ရှိနေသည်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်တော့ ကရင်နှင့် မွန်တိုင်းရင်းသား အများစုဖြစ်သည့် စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းရှစ်သောင်းခန့်  ရှိနေ ကြောင်း ဆိုသည်။

အဆိုပါအရေအတွက်သည် ၂၀၁၈ ဒီဇင်ဘာအထိ အနီးစပ်ဆုံး ခန့်မှန်းထုတ်ပြန်ထားကြောင်း လည်း ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ အဆိုပါစာရင်းတွင် ယခုနှစ်ပိုင်းအတွင်း တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူများစာရင်းမပါဝင်သေးပေ။ ရခိုင်ပြည်နယ်အတွင်း လတ်တလောတိုက်ပွဲများကြောင့် စစ်ဘေးသင့်လူဦးရေ ငါးသောင်းခန့် ရှိနေသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မပါသေးဘဲ စစ်ဘေးဒုက္ခသည်လေးသိန်းခွဲကျော်နှင့် ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည် ငါးသောင်းခန့်ပေါင်းလျှင် စစ်ဘေးဒုက္ခသည်ငါးသိန်း ရှိနေပြီဖြစ်၏။

စစ်ဘေးသင့်ပြည်သူများအ ရေးဆောင်ရွက်နေသည့်အရပ် ဘက်အဖွဲ့အစည်း ၁၅ ဖွဲ့က ၎င်း တို့ သုံးနှစ်ကြာပူးပေါင်းပြုစုခဲ့ သော အဆိုပါအစီရင်ခံစာကို ‘အိမ်မလွမ်းသူ ဘယ်သူရှိမလဲ’ ဟူ၍ အမည်ပေးခဲ့သည်။

တိုက်ပွဲများအလွန်က ဘ၀တွေ

မြန်မာ(ကရင်ပြည်နယ်)နှင့် ထိုင်းနယ်စပ်တွင် ကရင်နှင့်ကရင် နီတိုင်းရင်းသားများ နေထိုင်သော ဒုက္ခသည်စခန်းကိုးခုအထိရှိနေ သည်။ စခန်းတစ်ခုတွင် နေထိုင် သူ ထောင်ဂဏန်းခန့်ရှိနေပြီး အ များစုသည် နှစ်ပေါင်း ၂၀ ခန့် စစ် ဘေးရှောင်နေရသူများဖြစ်သည်။

အဆိုပါစခန်းများတွင် မိမိ ၏ နေအိမ်အရင်း၊ နေရပ်အရင်း မမြင်မတွေ့ဖူးသည့် ကလေးငယ် အများအပြားလည်း ရှိနေသည်။ နယ်စပ်ဒေသကူညီပေးရေး ညွန့် ပေါင်းအဖွဲ့ (TBC)အဖွဲ့က ထုတ် ပြန်သည့်အချက်အလက်များအရ ဆိုလျှင် စစ်ဘေးရှောင်မိဘများ က မွေးဖွားသည့် (၁၈)နှစ်အောက် ကလေးအရေအတွက်သည် လူဦး ရေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ကျော်ရှိနေသည်။

မြန်မာနိုင်ငံ မြေပုံ၏ ညာ ဘက်အောက်ပိုင်းနှင့် ထိုင်းနယ် စပ်နေရာအား စစ်ဘေးသင့်ပြည် သူများ နေထိုင်ရာနေရာစခန်း အ မှတ်အသားပြုလုပ်ကြည့်ပါက ဟို နေရာ၊ သည်တစ်ခုဖြင့် စစ်ဘေး ရှောင်စခန်းများစွာကို မြင်တွေ့ နိုင်မည်လည်းဖြစ်ကြောင်း ‘အိမ် မလွမ်းသူ ဘယ်သူရှိမလဲ’ အစီရင် ခံစာပြုစုသူများက ဆိုသည်။ မြန် မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးနည်းပါးစွာဖြင့် နိုင်ငံတကာအကူအညီကိုရယူ၍ ရှင်သန်နေရသည့်ဘ၀ပေါင်းနှစ် သိန်းကျော်ရှိနေသည်ဟုလည်း ၎င်းတို့ကဖွင့်ဟသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေ သတွင်ရှိနေသော ကာလရှည် ကြာနေရပ်စွန့်ခွာနေရသည့် စစ် ဘေးရှောင်ပြည်သူများသည် အ စိုးရထိန်းချုပ်နယ်မြေအတွင်း၌ သာမက ကချင်လက်နက်ကိုင်အ ဖွဲ့အစည်းများထိန်းချုပ်ရာနယ် မြေအတွင်း၌လည်း ရှိသည်။

ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းက စစ်ဘေး သင့်ပြည်သူအများစုသည် တပ် မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA/KIO) တို့အကြား ၂၀၁၁ က ပြန်လည်ဖြစ်ပွားခဲ့ သည့် တစ်ကျော့ပြန်တိုက်ပွဲများ ကြောင့် မကြာခဏတိုက်ပွဲရှောင် နေကြရသည်။

ယင်းဒေသတွင် တပ်မတော် နှင့် တအာင်းလက်နက်ကိုင်အဖွဲ့၊ တပ်မတော်နှင့် ရှမ်းလက်နက် ကိုင်အဖွဲ့တို့အကြား ရံဖန်ရံခါ ဖြစ်တတ်သည့် တိုက်ပွဲများ ကြောင့်သာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း အကြား စစ်ရေးတင်းမာမှုကြောင့် တအာင်းနှင့်ရှမ်းတိုင်းရင်းသား များလည်း နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်။

မြန်မာနိုင်ငံအရှေ့တောင် နှင့် အရှေ့မြောက်တိုင်းရင်းသား ဒေသများတစ်လျှောက် ထွက် ပြေးတိမ်းရှောင်ရမှုများတွင် အ ကြောင်းရင်းများစွာရှိသော်လည်း ထွက်ပြေးတိမ်းရှောင်ရသည့်ကာ လမှာ နှစ်ပေါင်း ၂၀ ကျော်မှ လ အနည်းငယ်ထိကွာဟမှုရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက် ပိုင်းနေပြည်သူအချို့သည် အိမ် ပြန်လိုက်၊ ထွက်ပြေးလိုက်ဖြင့် ရှင်သန်နေရသည်။


အစီရင်ခံစာထုတ်ပြန်ရန် သုတေသနပြုလုပ်ခဲ့သည့် ဒုက္ခသည်နှင့် IDP စခန်းများ

စိန်ခေါ်မှုတွေ ပြောင်းလဲလာတယ်

မည်သည့်နေရာတွင် နေ ထိုင်သည်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူများ၏ စိန်ခေါ်မှုသည် ယေဘုယျအားဖြင့် တူညီကြ သည်။ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့်ပညာရေးစသည် တို့သည် စစ်ဘေးရှောင်ပြည်သူ များအတွက် အထူးသိသာသည့် လိုအပ်ချက်များဖြစ်သည်။

သို့သော် ယခုနှစ်ပိုင်းအတွင်း စစ်ဘေးရှောင်သူများ၏ စိန်ခေါ် မှုများပြောင်းလဲလာကြောင်း အ ကူအညီပေးရေးအဖွဲ့အစည်းများ က ထုတ်ဖော်ပြောကြားလာ သည်။ ယင်းတို့တွင် ရုပ်ပိုင်းဆိုင် ရာစိန်ခေါ်မှုများပါဝင်သလို စိတ် ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှုများ လည်း ပါဝင်လာသည်။

ကူညီထောက်ပံ့မှုများ လျော့ကျလာခြင်းနှင့်အတူ အနာ ဂတ်အတွက် ရေရာသေချာမှုမရှိ ခြင်းနှင့်ရွေးချယ်စရာနည်းလမ်း များမရှိခြင်းကြောင့် မြန်မာ-ထိုင်း နယ်စပ်ဒုက္ခသည်စခန်းများတွင် စိတ်ဓာတ်ကျဆင်းမှုနှင့် မိမိကိုယ် ကိုယ်သေကြောင်းကြံစည်မှုနှုန်း တိုးမြင့်လာသည်အထိ ဦးတည် လာကြောင်း ကရင်ဒုက္ခသည် ကော်မတီပြောရေးဆိုခွင့်ရှိသူ များက ဖွင့်ဟသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်း အချို့တွင်လည်း အခြားလူမှုရေး ဆိုင်ရာဆိုးကျိုးသက်ရောက်မှု များ မြင့်တက်လာကြောင်း တ အာင်းအမျိုးသမီးအဖွဲ့အစည်း တွဲဖက်အထွေထွေအတွင်းရေး မှူး လွေးပိုးကမေးခွိုင်းက ပြော သည်။

‘‘နံပါတ်(၁)က အလုပ်အ ကိုင်ရှားတယ်။ ဒီတော့ မလိုလား အပ်တဲ့အလုပ်တွေလုပ်ရတဲ့အခါ မှာ ဘ၀ကနှစ်ခါနာကြတယ်။ နံ ပါတ်(၂)က မိမိအိမ်ကို စွန့်ခွာပြီး ဖြစ်သလို နေရတဲ့အခြေအနေတွေ မှာ စိတ်ဓာတ်ကျအရှုံးပေးသွား တဲ့သူတွေက အရက်တို့၊ မူးယစ် ဆေးဝါးတို့ကို အားကိုးလာကြ တယ်။ ဒီဟာတွေရဲ့ နောက်ဆက် တွဲအနေနဲ့ စိတ်ဒုက္ခရောက်တာ တွေ၊ မိသားစုပိုခက်ခဲတာတွေဖြစ် လာတယ်’’ ဟု ၎င်းကဆိုသည်။

ထို့အပြင် မြေမြှုပ်မိုင်းကဲ့သို့ သော မည်သည့်အဖွဲ့အစည်းက မှန်းမသိ ထားခဲ့သည့်လက်နက် ပုန်းများကြောင့် မိမိတို့နေထိုင်ရာ မြေသည် အန္တရာယ်များနှင့်ပြည့် နေသည်ဟု စစ်ရှောင်များက အ မြင်ရှိလာကြောင်းလည်း သူက ပြောသည်။

အထောက်အပံ့ နည်းလာမှုနှင့် အိမ်မပြန်နိုင်သေးမှုကြားက ဒွိဟ

ပြည်နယ်အချို့တွင် ထိ တွေ့တိုက်ပွဲများ ဆက်လက်ရှိနေ ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တစ်ဆို့နေသည့်အခြေအနေတွင် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများ၊ ပြည်တွင်းရှိ IDP စခန်းများ၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ကူညီနေသော အရပ် ဘက်လူထုအဖွဲ့အစည်းများနှင့် ၀န်ဆောင်မှုပေးသော တိုင်းရင်း သားအဖွဲ့အစည်းများအား ပေး အပ်နေသည့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးမှုများ ကျ ဆင်းနေပြီး လာမည့်နှစ်များတွင် ပိုမိုဖြတ်တောက်ခံရမည့် အခြေ အနေနှင့်လည်း ရင်ဆိုင်နေရ သည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ် ဘေးဒုက္ခသည်စခန်းများသို့ အ နောက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှု ၂၀၁၈ အတွင်း သိသိသာသာ လျော့နည်းလာကြောင်း ကရင် ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး ဦးဘွယ်စေးက ပြောသည်။ ယမန်နှစ်ကစ၍စခန်း စီမံခန့်ခွဲမှုစရိတ်ကို ၆၀ ရာခိုင် နှုန်း၊ အပိုဆောင်းပစ္စည်း ရိက္ခာ များအတွက် ရန်ပုံငွေကို ၇၀ ရာ ခိုင်နှုန်း လျှော့ချခဲ့ရာ ရိက္ခာ ထောက်ပံ့မှုစနစ်ကိုလည်း ကတ် စနစ်ဖြင့် ပြောင်းလဲထောက်ပံ့လာ ကြောင်း ၎င်းကဆိုသည်။

‘‘ပြည်တွင်းတိုင်းရေး၊ ပြည် ရေးအခြေအနေက အကုန်ဘက် စုံကို ကြည့်လိုက်တဲ့အခါကျတော့ ပြန်မယ့်သူတွေအတွက် ပြန်မယ့် အစီအစဉ်တွေကိုပဲ သူတို့တွေက ဦးစားပေးပြီးတော့ ပံ့ပိုးတယ်။ ပံ့ ပိုးချင်တယ်’’ ဟု ဦးဘွယ်စေးက ပြောသည်။

နိုင်ငံတကာ အလှူရှင်များ အနေဖြင့် ထွက်ပြေးတိမ်းရှောင် နေရသော လူထုများအပေါ် လူ သားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ များလျှော့ချနေချိန်တွင် နေရပ် ပြန်ရေးအားပေးသည့် အခြေအ နေများ ဖန်တီးမှုကို ဦးတည်ခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ၎င်း၏ပုံစံ ကို ပုံဖော်ရာတွင် ထောက်ပံ့ခြင်း နှင့် ပြည်တွင်းရှိ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း ကိစ္စများကိုသာ ရန်ပုံငွေတိုးမြှင့်  ပံ့ပိုးပေးနေသည်ဟုလည်း စစ် ဘေးသင့်ပြည်သူများအရေး ဆောင်ရွက်နေသူများက ဆို သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ရခိုင်၊ ကချင်၊ ရှမ်း နှင့် ကရင်ပြည်နယ်လေးခုတို့တွင် ရှိနေသည့် IDP စခန်းများကို ပိတ် သိမ်းရန် လုပ်ငန်းအစီအစဉ်ရေး ဆွဲမှုကို လုပ်ဆောင်ထားသည်။

အထူးသဖြင့် ကချင်ပြည် နယ်တွင် အစိုးရ၊ တပ်မတော်၏  အစီအစဉ်ဖြင့် နေရပ်ပြန်သူအချို့ လည်းရှိနေသည်။  ကချင်ဘာသာ ရေး အဖွဲ့အစည်းများ၏ အား ထုတ်ကြိုးပမ်းမှုကြောင့်  စစ်ဘေး ရှောင်ပြည်သူများ နေရပ်ပြန်ရေး အစိုးရ၊ တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့အစည်းတို့  ဆွေးနွေးနေမှုလည်းရှိသည်။

သို့ရာတွင် အများစုသော စစ်ဘေးရှောင် ပြည်သူများအနေ ဖြင့် နိုင်ငံရေးအာမခံချက်မရှိ၊ တိုက်ပွဲများ လုံးဝရပ်စဲကြောင်း မကြေညာနိုင်သေးသည့် ကာလ ဖြစ်၍ နေရပ်ပြန်ရန် စိုးရိမ်မှုရှိ နေဆဲဖြစ်ကြောင်း ကချင်အမျိုးသ မီးအစည်းအရုံးမှ မာရီယာ ဘောက်ဂျာက ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင်လည်း  လုံခြုံရေးထက် စားသောက်ရေးဆိုင်ရာ စိန်ခေါ်မှုကို ပြည်သူများပိုမိုစိုးရိမ်လာကြောင်း မာရီယာ ဘောက်ဂျာက ပြောသည်။

ဒုက္ခသည်နှင့်စစ်ဘေးရှောင် ပြည်သူများ၏ အခက်အခဲနှင့် စိန် ခေါ်မှုများကို ကရင်ဒုက္ခသည်များ ကော်မတီမှ နော်ဘလူးမင်းနိုက်ဇံက‘‘ဒုက္ခသည်တွေက စားစရာ မ လောက်တော့လို့ စခန်းအပြင် ထွက်ပြီး အလုပ်လုပ်ကြရတယ်။ IDPs တွေလည်း အသက်မွေးဝမ်း ကျောင်းဖို့၊ စားစရာရှာဖို့ မြေမြှုပ် မိုင်းတွေ ပြည့်နေတဲ့ နယ်မြေတွေ မှာ အသက်နဲ့ရင်းနေရတယ်။ ကိုယ့်မိသားစုကို ထမင်းကျွေးနိုင် ဖို့ လူကုန်ကူးခံရမယ့် အန္တရာယ် ကိုလည်း ရင်ဆိုင်ကြရတယ်။ ဒါ တွေရဲ့ ရလဒ်ကတော့ တိုင်းရင်း သားပြည်သူတွေ အသက်ငင်နေ တာပဲ’’ ဟူ၍ ဖွင့်ဟသည်။

နေရပ်ပြန်ရေး လုပ်လာရင် ဘာတွေထည့်သွင်းရမလဲ

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နေရပ်ပြန်ရေး အစီအစဉ်ရေးဆွဲမှုတွင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မည်သည့် သတင်းအချက်အလက်မျှ ဝေမျှနိုင်ခဲ့ခြင်း၊ ပါဝင်ကူညီနိုင်ခဲ့ ခြင်း မရှိခဲ့သည်ကို ကြားသိခဲ့ရ ကြောင်းလည်း ကရင်နီအမျိုးသမီး အစည်းရုံးမှ မမီးမီးက ဖွင့်ဟသည်။

‘‘ကျွန်မတို့အနေနဲ့ကတော့  သူတို့တွေ ဖယ်ကြဉ်မခံရဖို့ရယ် ဒီလူတွေရဲ့ အခွင့်အရေးတွေကို ရှုမြင်ပြီး သူတို့အတွက် နည်းလမ်းတစ်ခုနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ပဲ ရှေးရှုပါတယ်’’ ဟု မမီးမီးကပြော သည်။

တိုင်းရင်းသားနှင့် ဘာသာ ရေးလူနည်းစု အသိုင်းအ၀ိုင်းများ၏ စိုးရိမ်ပူပန်မှုများ၊ လိုအပ်ချက်များနှင့် အမြင်သဘောထားများကို မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းမှုဖြစ်စဉ်နှင့် လက်ရှိငြိမ်း ချမ်းရေးဖြစ်စဉ်တွင် ထည့်သွင်း ပါဝင်လာစေလိုကြောင်းလည်း ၎င်းက ဖွင့်ဟသည်။

အရပ်ဘက်အဖွဲ့အစည်း များကမူ မြန်မာနိုင်ငံတွင်း စစ်ရေး ပဋိပက္ခကြောင့် ဒုက္ခသည်ဖြစ်ခဲ့ရ သူများနှင့် လက်ရှိစစ်ဘေးရှောင် ပြည်သူများ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရာတွင် ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှု၊ အသက်မွေးဝမ်း ကျောင်းမှု၊ မြေယာနှင့် အိုးအိမ် ဆိုင်ရာ နစ်နာမှုများအတွက် ဆောင်ရွက်နိုင်ရေး ၊ ကျန်းမာရေး နှင့် ပညာရေး ဖြည့်ဆည်းပေးနိုင် မှု၊ နေရပ်ပြန်ရေးအတွက် အကူ အညီထောက်ပံ့မှုတို့ကို ဆောင် ရွက်ပေးသင့်ကြောင်း မှတ်ချက်ပြု သည်။

ထို့အပြင် ဒုက္ခသည်များနှင့် စစ်ဘေးရှောင် ပြည်သူများ၏ နိုင်ငံသားဖြစ်မှု၊ မြေယာပိုင်ဆိုင် မှုနှင့် အခြားပိုင်ဆိုင်မှုအစရှိသည့် တရားဝင်မှု အထောက်အထား များနှင့်ပတ်သက်၍ ဆောင်ရွက် ပေးရန် လိုကြောင်းလည်း အကူ အညီပေးရေးအဖွဲ့များက ဆို သည်။

‘‘အပစ်အခတ်ရပ်စဲရေးတွေ ကျွန်တော်တို့ တွေ့ခဲ့ဖူးပြီ။ တိုင်း ရင်းသားဒေသတစ်ခုမှာ တိုက်ပွဲ တွေရပ်သွားပြီဆိုရင် နောက်ဒေသတစ်ခုမှာ ပြန်ဖြစ်လာရော၊ အိပ်မက်ဆိုးတွေ ထပ်တလဲလဲ မက်နေသလိုပဲ။ တိုင်းပြည်ထဲက အစိတ်အပိုင်းတစ်ခုမှာ တိုက်ပွဲမ ရှိတော့တာ တစ်ခုတည်းနဲ့တော့ ဘေးကင်းရန်ကင်းနဲ့ သိက္ခာရှိရှိ အိမ်ပြန်ဖို့အချိန်ကျပြီဆိုတဲ့ လက္ခဏာမဟုတ်ဘူး’’ ဟု ကရင်လူ့အ ခွင့်အရေးအဖွဲ့ (KHRG) မှကို ဝေလေးက ပြောသည်။

နေရပ်ပြန်ရေး မည်သည့် လုပ်ငန်းစဉ်တွင်မဆိုလူ့အခွင့်အ ရေးချိုးဖောက်မှုများကို ကြုံတွေ့ခဲ့ရသော သူများအတွက်စိတ် ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်မှု ပေးသည့် အစီအစဉ်ကို ထည့် သွင်းလုပ်ဆောင်ရန်လည်း ကချင် အမျိုးသမီးအစည်းအရုံးပြောရေး ဆိုခွင့်ရှိသူကဆိုသည်။

သက်ဆိုင်သူများထံသို့သတင်းစကား

‘‘မြန်မာအစိုးရကို အများကြီးပြောစရာရှိပါတယ်။ ကိုယ့် တိုင်းရင်းသားတွေ သူများနိုင်ငံမှာ ဒုက္ခသွားဖြစ်နေတာ(၁)အချက် ပြောပေးပါ။ ပြန်လာဖို့အတွက် အစီအစဉ်ပြင်ဆင်ပါတော့။ အစီ အစဉ်ပြင်ဆင်တယ်ဆိုရင်လည်း အမိန့်နဲ့ မခေါ်ပါနဲ့။ နေရာမှာ ထိုင်ပြီးတော့ ပြန်လာမယ်ဆိုရင် ရတယ်။ နာမည်တွေပို့လိုက် တယ်။ ပြန်လာလို့ရတယ် ဆိုတာ မျိုးမလုပ်ပါနဲ့လို့ ပြောပေးပါ။  ဒါပါပဲ’’ ဟု နော်ဘလူးမင်းနိုက်ဇံ ကရန်ကုန်မြို့တွင်ပြုလုပ်သော ‘ကမ္ဘာ့ဒုက္ခသည်များ’ နေ့အစီရင် ခံစာထုတ်ပြန်မှု အခမ်းအနားတွင် ဖွင့်ဟသည်။

မြန်မာနိုင်ငံ၏ သမိုင်းတစ် လျှောက်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် ရသူများသည် အမျိုးသားနိုင်ငံ ရေးနှင့် မူဝါဒရေးဆွဲချမှတ်ခြင်း ကိစ္စရပ်များတွင် ဖယ်ကြဉ်ခံနေရ ကြောင်းလည်း ‘အိမ်မလွမ်းသူ ဘယ်သူရှိမလဲ’ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဒုက္ခသည်များနှင့် စစ်ဘေး ရှောင်ပြည်သူများသည် နိုင်ငံ၏အစွန်အဖျားဒေသများတွင် ရှိနေကြသကဲ့သို့ ငြိမ်းချမ်းရေးနှင့် နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များ တွင်လည်း အရေးမပါသည့် ကိစ္စ ရပ်တစ်ခုအဖြစ်သာ သဘောထား ခံနေရကြောင်း စစ်ဘေးရှောင်ပြည်သူများအရေး ဆောင်ရွက်နေသူများကဆိုသည်။

မြန်မာနိုင်ငံသားတို့အတွက် တူညီသောအခွင့်အရေးနှင့် ကာကွယ်မှုကို မည်သည့်အတွက် ကြောင့် ၎င်းတို့ခံစားခွင့်မရခဲ့ခြင်း၊ မရရှိဘဲဖြစ်နေခြင်းကို တွေ့ဆုံ မေးမြန်းခဲ့သည့် စစ်ဘေးရှောင်  ပြည်သူများက သိရှိလိုကြသည်ဟု  လည်း အရပ်ဘက်အဖွဲ့အစည်း  ၁၅ ဖွဲ့၏ အစီရင်ခံစာကဆိုထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှကိုဝေလေးကမူ ဒုက္ခသည်များ သတင်းစကားပါးသည့် ငြိမ်းချမ်းရေး၏ အနက်ကိုဤသို့  ဖွင့်ဆိုသည်။ ‘‘ကျွန်တော်တို့အတွက် ငြိမ်း ချမ်းရေးနဲ့လုံခြုံရေးဆိုတာ ကြေ ညာချက်တွေထုတ်တာ၊ စာရွက်  တွေပေါ်မှာ လက်မှတ်ထိုးတာထက်အများကြီး ပိုအဓိပ္ပာယ်ရှိပါတယ်’’ ။

No comments:

Post a Comment