Sunday, June 30, 2019

ခရီးသွားလုပ်ငန်းကြော်ငြာအတွက် ဓာတ်ပုံဈေးနှုန်းကိစ္စ ဟိုတယ်/ခရီးဝန်ကြီးဌာန ပြန်ရှင်းလင်း

ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်းကြော်ငြာဖို့ ဓာတ်ပုံတပုံကို ၂၅၀၀ ကျပ်ကနေ ကျပ် ၁၀၀၀၀ အထိ ပေးဝယ်မယ်လို့ ဖိတ်ခေါ်ခဲ့တာဟာ နေ့တိုင်း ပုံတွေအများကြီး သုံးရမှာကြောင့် ဖြစ်တယ်လို့ ပြန်ပြီး ရှင်းလင်းပါတယ်။ လူမှုကွန်ရက်တွေမှာ တရက်ကို ၅ ပုံကနေ ၁၅ ပုံလောက်သုံးပြီး နေ့တိုင်း အမြဲမပြတ် လွှင့်တင်သွားမှာဖြစ်လို့ အရည်အသွေးအသင့်အတင့်နဲ့ အရေအတွက်များများကို ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူဖို့ ဖိတ်ခေါ်တာလို့ ဆိုပါတယ်။



ပြီးတော့ မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေမှာ ဒေသတွင်း ခရီးသွားပြည်သူတွေ ပိုပြီး ဝိုင်းဝန်းပူးပေါင်း ပါဝင်လာစေဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဒစ်ဂျစ်တယ်နဲ့ အွန်လိုင်းဈေးကွက်ရှာဖွေရေးအတွက် ဓာတ်ပုံတွေကို ကျပ် ၂၅၀၀ ကနေ ၁၀၀၀၀ အထိပေးဝယ်ယူမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ဇွန် ၂၈ ရက်က ကြေညာခဲ့ပြီး ဝန်ကြီးဌာနအနေနဲ့ တရားဝင်သုံးစွဲဖို့ ဝယ်ယူတာဖြစ်လို့ ဒီဈေးနှုန်းဟာ နည်းလွန်းကြောင်း ဝေဖန်ခံခဲ့ရတာကြောင့် မနေ့က အခုလို ပြန်ပြီး ရှင်းလင်းခဲ့တာပါ။

ဘယ်လိုကင်မရာနဲ့မဆိုရိုက်ထားတာတွေကို ပို့နိုင်ပြီး အရေအတွက် အကန့်အသတ်မရှိ အွန်လိုင်းက တဆင့် ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

ပုဂံ၊ မန္တလေး၊ ရန်ကန်ု၊ နေပြည်တော်၊ အင်းလေးကန်က ထင်ရှားတဲ့နေရာတွေ၊ ထင်ရှားတဲ့စေတီတွေ၊ ကန်တွေ၊ ဂူတွေ၊ ယူနက်စကိုစာရင်းဝင်နေရာတွေ၊ သဘာဝသားရဲ တိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတွေ၊ မြန်မာ့ရိုးရာဓလေ့တွေ၊ စားစရာတွေ၊ ပွဲတော် စတဲ့ပုံတွေကို လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထဲမှာ သွားရင်းလာရင် စိတ်ကူးကောင်သလို ဖန်တီးရိုက်ယူနိုင်တဲ့ မြန်မာ့ဓလေ့ သနပ်ခါးလိမ်းတာ၊ ရိုးရာဝတ်စုံ၊ ကွမ်းယာ၊ ခြင်းလုံး၊ ပုသိမ်ထီး၊ လက်ဖက်သုပ်၊ နန်းကြီးသုပ်၊ မုန့်ဟင်းခါး၊ မုန့်လင်မယား၊ စတာတွေကို ရိုက်ကူးပေးပို့နိုင်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်ပခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တွစ်တာ၊ ပင်ထရက်စ်နဲ့ လင့်ခ်အင် စတာတွေကို ဖွင့်လှစ် သုံးစွဲနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment