Sunday, June 30, 2019

ဆိုက်ဘာမှုခင်းများ တိုက်ရိုက်တိုင်ကြားနိုင်ရေး Hot Line ထူထောင်ရန် အစီအစဉ်ရှိဟုဆို

ဆိုက်ဘာအမှုအခင်း များနှင့်ပတ်သက်၍ တိုက်ရိုက်တိုင်ကြားနိုင်သည့် Hot Line တစ်ခုကို ထူထောင်ရန် အစီအစဉ်ရှိသည်ဟု မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန ဌာနစုမှူး ရဲမှူးကျော်သူဝင်းက ပြောသည်။ ဇွန်လ ၂၉ ရက်တွင် ကျင်းပသည့် ‘၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက်’ ဆွေးနွေးပွဲတွင် ရဲမှူးကျော်သူ ၀င်းက ပြောကြားခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ နည်းပညာမှုခင်းဌာနတွင် တပ်ဖွဲ့ဝင်၁၀ ဦးအောက်သာရှိကြောင်း၊ ဌာနဖွဲ့စည်းပုံ ပြင်ဆင်၍ တပ်ဖွဲ့ဝင်ဦးရေ တိုးတက်လာသည့်အခါ တိုက်ရိုက်တိုင်ကြားနိုင်သော Hot Line ကို ထူထောင်ဖြစ်ကြောင်း ၎င်းကပြောသည်။



ဆိုက်ဘာ အမှုအခင်းများ နှင့်ပတ်သက်၍ တိုက်ရိုက်တိုင် ကြားနိုင်သည့် Hot Line မရှိမီကာလတွင် ဆိုက်ဘာအမှုအ ခင်းများနှင့်ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ Hot Line ၁၉၉ တွင် တိုင်ကြားမှု ပြုလုပ်နိုင်သည်ဟု ရဲမှူးကျော်သူဝင်းက ပြောသည်။

မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာနတွင် တပ်ဖွဲ့ဝင်အရေအတွက် နည်းပါးသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အမှုအခင်းများ၌ ပါဝင်ပတ်သက်နေ သည့် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများကို အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းအထိ စစ်ဆေး အဖြေရှာပေးနေရသည် ဟု ၎င်းကပြောသည်။

ဆိုက်ဘာအမှုအခင်းများကို စစ်ဆေးအဖြေရှာပေးသည့် နည်းပညာမှုခင်းဌာနကို မှုခင်းရဲတပ်ဖွဲ့ လက်အောက်၌ ၂၀၁၅ တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု ရဲမှူး ကျော်သူဝင်းက ဆွေးနွေးပွဲတွင် ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ရိုက်ခတ်လာနိုင်သည့် ဆိုးကျိုးများကို လျှော့ချရန်နှင့် ကောင်းကျိုးများကို မြှင့်တင်နိုင် ရန် ရည်ရွယ်ခဲ့သည်။ ဆွေးနွေးပွဲပထမပိုင်းတွင် ‘မြန်မာ့လူမှုကွန်ရက် ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများနှင့်ဖြေရှင်းရန် အဆိုပြုချက်များ’ ခေါင်းစဉ်ဖြင့် သရုပ်ဆောင်အေး မြတ်သူ ၊ မိတ်ကပ် ပညာရှင် မထက် ၊ Asia Model Star Award 2019 နှင့် Miss Myanmar World 2018 သရဖူပိုင်ရှင် ဟန်သီ ၊ Social Influencer နှင့် စာရေးဆရာ အရည်ကြို ၊ Social Influencer နှင့် Chance Myanmar Online Education Platform တည်ထောင်သူ ဖြိုးဖြိုးအောင်တို့က ပါဝင်ဆွေးနွေးခဲ့ သည်။ ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် Information Matrix ၊ 7 DayNews Media ၏ စီအီးအို ဦးသောင်းစုငြိမ်း ၊ AYA Bank Digital Banking မန်နေဂျင်းဒါရိုက်တာ ဦးချစ်ထွန်းဖေ ၊ Rakuten Viber မှ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုမန်နေဂျာ ဦးနေရဲအောင်၊ မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန ဌာနစုမှူး ရဲမှူး ကျော်သူဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မော်မော်အေး တို့ ပါဝင်ဆွေးနွေးခဲ့သည်။

No comments:

Post a Comment