Thursday, May 30, 2019

ANP ပါတီမှ မာန်အောင်မြို့နယ်မှ အလုပ်အမှုဆောင်ကော်မတီဝင်၂၄ ဦး ပါတီမှ နုတ်ထွက်စာတင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ရခိုင်အမျိုးသားပါတီ (ANP) အဖွဲ့ဝင် ၂၄ ဦးတို့သည် မေလ (၂၉)ရက် နေ့တွင် ပါတီမှ နုတ်ထွက်ရန် နုတ်ထွက်စာတင်လိုက်ကြသည်ဟု သတင်းရရှိသည်။ မာန်အောင်မြို့နယ် ANP ပါတီဝင်များသည် မေလ (၂၉) ရက်နေ့ တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ၎င်းအစည်းအဝေးမှ အားလုံးသဘောတူ ဆုံးဖြတ်ချက်ဖြင့် နုတ်ထွက်ခဲ့ကြသည်ဟုဆိုသည်။



နုတ်ထွက်စာထဲတွင် မာန်အောင်မြို့ ပါတီညီလာခံတွင် ရွေးချယ်ထားသည့် ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး၊ မြို့နယ် အလုပ်အမှူဆောင် ဦးသန်းနိုင်အား ပါတီမှ အကြောင်းပြချက်မရှိဘဲ အာဏာရှင် ဆန်ဆန် ထုတ်ပယ်ခဲ့သဖြင့် မြို့နယ် ပါတီဝင် (၂၄)ဦးမှာ မေလ(၂၉)ရက်နေ့ အစည်းအဝေးပြုလုပ်ပြီး ပါတီဝင်မှ နုတ်ထွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သူတို့၏ နုတ်ထွက်လွှာတွင် ဖော်ပြထားသည်။

ANP ပါတီ ဗဟိုကော်မတီဝင် မြို့နယ်အတွင်းရေးမှူး ဦးသန်းနိုင်က “ မာန်အောင်မြို့နယ်မှ ပါတီဝင်တွေကို မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ပါတီမှထုတ်ပယ်ခဲ့တယ်။ ပါတီမှ ထုတ်ပယ်ကြောင်းကိုလည်း အကြောင်းကြားတာမရှိဘူး။ ပါတီဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို အသိမှတ်မပြုဘဲ လျစ်လျူရှု ထားတယ်။ အလေးထားခြင်းမရှိဘဲ ပါတီဝင်များကို အာဏာရှင်ဆန်ဆန်ထုတ် ပယ်ခဲ့တဲ့ အတွက် မြို့နယ်အတွင်းက အဓိကပါဝင်လုပ်ဆောင်တဲ့ ပါတီဝင်တွေ စုပေါင်း အစည်းအဝေး ပြုလုပ်ပြီး အားလုံးသဘောတူ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

နုတ်ထွက်ကြသည့် ပါတီဝင်များမှာ- ဦးစံလင်းအောင် မြို့နယ် ဥက္ကဋ္ဌ ၊ ဦးသန်းနိုင် (ဗဟိုကော်မတီ/ မြို့နယ် အတွင်းရေးမှူး)၊ ဦးဖိုးသာဦး (အလုပ်အမှူဆောင်) ၊ ဦးကျော်ဝင်း (အလုပ်အမှူဆောင်) ၊ ဦးဇော်မင်းသိန်း (စာရင်းစစ်) ၊ ဦးဝင်းမောင် (အလုပ်အမှူဆောင်) ၊ ဦးကျော်မြင့် (ရပ်ကျေး ပ-ဥက္ကဋ္ဌ) ၊ ဦးမောင်မောင်လှစိန် (အလုပ်အမှူဆောင်) ၊ ဦဝင်းညွန့် (အလုပ်အမှူဆောင်)၊ ဦးဘတင် (ရပ်ကျေးဒုဥက္ကဋ္ဌ) ၊ ဦးမြင့်ဝေ (အလုပ်အမှူဆောင်)၊ ဦးစိန်အောင် (ရပ်ကျေးဒုဥက္ကဋ္ဌ) ၊ ဦးအောာင်ဖေ (ရပ်ကျေးအလုပ်အမှူဆောင်)၊ ဦးသာအေး (ရပ်ကျေးအလုပ်အမှူဆောင်) ၊ ဦးအောင်ကျော်ဦး (စာရင်းစစ်) ၊ ဒေါ်တင်ရီ (ဒု-ဥက္ကဋ္ဌ)၊ ဒေါ်တင်ဖေခိုင် (စာရင်းစစ်) ၊ ဦးကျော်ထွန်း (ရပ်ကျေးအလုပ်အမှူဆောင်)၊ ဦးညီညီ (ရပ်ကျေးအလုပ်အမှူဆောင်) ၊ ဒေါ်နီနီမြင့် (ရပ်ကျေးအလုပ် အမှူဆောင်) နှင့် ဦးလှိုင်မင်းထွန်း (ရပ်ကျေးအမှူဆောင်) တို့ဖြစ်ကြသည်။

“လူမှုကွန်ယက်မှာ ပါတီအရေးကိစ္စနဲ့ပတ်သက်ပြီး ရေးထားတာတွေကို သူတို့ကအရေးယူတယ်ဆိုပြီး ကျွန်တော်တို့ကို ပါတီမှထုတ်တယ်လို့ပြောပါတယ်။ ဒီလိုမျိုးတော့ မရေးသင့်ဘူးလို့ သတိပေးတာတွေမရှိဘဲ သူတို့လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး အပြီးပိုင်ထုတ်လိုက်တာကို မကျေနပ်လို့ ကျွန်တော်တို့ ပါတီဝင်ထု တစ်ခုလုံးက ထွက်ခဲ့ကြတာဖြစ်ပါတယ်။ ”ဟု ဦးသန်းနိုင်မှ နိရဉ္စရာသို့ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ANP ပါတီ၏ သဘောထားကိုသိလို၍ ပါတီခေါင်းဆောင်များထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့သဖြင့် နုတ်ထွက်ခြင်း အပေါ် ပါတီ၏ သဘောထားကို မတင်ပြနိုင်ခဲ့ပါ။

No comments:

Post a Comment