Thursday, May 30, 2019

အောင်ဘာလေထီ ကျပ်သိန်းပေါင်း ၅ သောင်းကျော်ဖိုး ရောင်းမကုန်

လာမယ့် ဇွန် ၁ ရက် ဖွင့်လှစ်မယ့် ကျပ်တထောင်တန် အောင်ဘာလေထီတွေထဲက ကျပ်သိန်းပေါင်း ၅ သောင်းကျော်ဖိုးဟာ ရောင်းမကုန်ထီအဖြစ် ကျန်ခဲ့တယ်လို့  အောင်ဘာလေ သိန်းဆုဌာနက ကြေညာပါတယ်။ ၄ ကြိမ်မြောက် တထောင်တန် အောင်ဘာလေထီအတွက် “က” အက္ခရာကနေ “ကည” အထိ စုစုပေါင်း ၄၃ လုံး၊ ထီစာအုပ် ၃,၅၁၈,၁၇၄ အုပ် ထုတ်ဝေထားခဲ့တယ်လို့ ဆိုပါတယ်။



ဒီထဲမှာ ၃,၀၁၂,၁၄၁ အုပ်ပဲ ရောင်းရပြီး ၅၀၆,၀၃၃ အုပ်ဟာ ရောင်းမကုန်ထီတွေ အဖြစ် ကျန်ခဲ့ပြီး တထောင်တန်ထီဖွင့်ပွဲတွေထဲမှာ အများဆုံးကျန်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဆုမဲတွေဖွင့်ရာမှာ အထူးဆုကြီးစနစ်နဲ့ ဆုတဆုချင်းစနစ်မှာ ရောင်းမကုန် ထီလက်မှတ်က ထွက်လာခဲ့ရင် ပြန်ဖွင့်ပေးမှာဖြစ်ပြီး ဝေဝေဆာဆာ ဆုမဲစနစ်ကနေ ထွက်လာခဲ့ရင်တော့ ဆုမဲတန်ဖိုးတွေကို စုပေါင်းပြီး တခြား သင့်တော်တဲ့ ဆုမဲတွေကို အစားထိုး ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။

စုစုပေါင်းဆုအဖြစ် ခွဲဝေပေးမယ့် ဆုငွေကတော့ ကျပ်သန်းပေါင်း ၁၈,၀၇၂ ကျော် ဖြစ်ပါတယ်။ ဆုမဲတွေကတော့ ကျပ်သိန်း ၁ သောင်းခွဲကနေ ကျပ် ၅ သောင်းအထိ ဖြစ်ပါတယ်။

ရောင်းမကုန်ထီလက်မှတ်တွေကိုတော့ ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်နဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ ၃ ကြိမ်မြောက် တထောင်တန်ထီမှာ အုပ်ရေ ၂ သိန်းခွဲကျော် မရောင်းခဲ့ရဘဲ ၂ ကြိမ်မြောက် ကျပ် တထောင်တန်ထီမှာတော့ အုပ်ရေပေါင်း ၄ သိန်းခွဲလောက် ရောင်းမကုန်ခဲ့ပါဘူး။

No comments:

Post a Comment