Thursday, May 30, 2019

သုံးနှစ်တာကာလအတွင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ အိုဒီအေချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာပံ့ပိုးမှုများ အပါအဝင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအကူအညီပေးခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်ကုန်အထိ ဂျပန်ယန်း ဘီလျံ ၈၀၀ ပေးအပ်မည်

ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာပံ့ပိုးမှုများ အပါအဝင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ အကူအညီပေးခဲ့ပြီး လာမည့် ၂၀၂ဝခုနှစ် အထိ ဂျပန်ယန်း ဘီလျံ ၈၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း JICA Myanmar office မှ သတင်းရရှိသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် အကူအညီများတွင် ODA Loan (ချေးငွေ)၊ Grand Aid (ထောက်ပံ့ငွေ) နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအထိ အကူအညီ ပေးခဲ့ပြီးဖြစ်သည်။



“ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ ODA Loan (ချေးငွေ)၊ Grand Aid (ထောက်ပံ့ငွေ) နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ကူညီမှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ရှိခဲ့ပါတယ်။ နောက်ထပ်ဘယ်လောက်အထိ အကူအညီတွေ ပေးအပ်မလဲ ဆိုတာကတော့ ကျွန်တော်တို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံတို့ သဘောတူထားတဲ့ ပမာဏကတော့ ဂျပန်ယန်း ၈၀၀ ဘီလီယံကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု JICA Myanmar Office မှ Chief Representative Mr.Masayuki Karasawa က မေ ၂၂ ရက်က ပြောကြားသည်။

ဂျပန်နိုင်ငံမှ ပေးအပ်သွားမည့် ယန်းဘီလီယံ ၈၀၀ အားရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဗျူဟာမြောက် အစီအစဉ် ကိုးခုကို ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းဗျူဟာမြောက် အစီအစဉ်များတွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး ရှေ့ပြေးစီမံချက်၊ ဘတ်စ် TA စီမံချက်၊ ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းများ အဆင့်မြှင့်တင်ရေး စီမံချက်နှင့် YUMRT လေ့လာချက်များ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများ၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို လက်ရှိ မြင့်မားသည့် ပမာဏအတိုင်း ဆက်လက် ဖြည့်ဆည်းရန်မှာ အရည်အသွေးမြင့်သော မြို့ပြမီးရထား၊ ပိုမိုကောင်းမွန်သော ဘတ်စ်ကားစနစ်နှင့် အခြားသွားလာရေး ဝန်ဆောင်မှုများကို အသုံးပြုရန် လိုအပ်လာကြောင်း သိရသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံ JICA မှ ရန်ကုန် လူထုမြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း Yangon Urban Mass Rapid Transit (YUMRT) အား ဖြစ်နိုင်ချေ ရှိ မရှိ လေ့လာမှုအား ၂၀၁၈ ခုနှစ် မေလမှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ YUMRT စီမံကိန်းအား ရန်ကုန်မြို့၏ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက် ဆက်သွယ် တည်ဆောက်မည့် ရန်ကုန်မိုးပျံ ရထားလမ်းများပါဝင်သည့် စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ်တွင် ODA Loan (ချေးငွေ) အနေဖြင့် ဂျပန်ယန်း ၁၂၅၀ ဘီလျံ၊ Grand Aid (ထောက်ပံ့ငွေ) အနေဖြင့် ဂျပန်ယန်း ၅၅ ဒသမ ၆ ဘီလျံ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့် ဂျပန်ယန်း ၉၈ ဘီလျံ တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ODA Loan (ချေးငွေ) အနေဖြင့် ဂျပန်ယန်း ၁၂၇၈ ဘီလျံ၊ Grand Aid (ထောက်ပံ့ငွေ) အနေဖြင့် ဂျပန်ယန်း ၃၀ ဒသမ ၆ ဘီလျံ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့် ဂျပန်ယန်း ၉၂ ဘီလျံတန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့သည်။

No comments:

Post a Comment