Thursday, May 30, 2019

"ဘရာဇီးရဲတပ်ဖွဲ့စစ်ဆင်ရေးအတွင်း လူသတ်မှုဖြင့် သံသယရှိသူ ၁၀၀၀ နီးပါးကို ဖမ်းဆီး"

ဘရာဇီးနိုင်ငံ ပြည်နယ်အားလုံးနီးပါးမှာ လူသတ်မှုပပျောက်ရေး ကြီးမားတဲ့ ရဲတပ်ဖွဲ့စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ တစ်ရက်တည်းမှာပင် လူသတ်မှုဖြင့် သံသယရှိသူ ၁,၀၀၀ နီးပါကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် မေ ၂၈ ရက် တစ်ရက်တည်းမှာပင် လူသတ်မှုဖြင့် သံသယရှိသူ ၉၈၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ National Council of Civilian Polices Chiefs က ပြောပါတယ်။ ရဲတပ်ဖွဲ့စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့သူတွေအနက် အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် လိင်ခွဲခြားမှုနဲ့ ဆက်နွယ်နေတဲ့ လူသတ်မှုအတွက် သံသယရှိသူ ၅၆ ဦးလည်း ပါဝင်ပါတယ်။



ယခု ဆောင်ရွက်မှုတွေဟာ ပုံမှန်ထက် ပိုမိုကြီးမားကျယ်ပြန်တဲ့ Operation Cronos ခေါ် စစ်ဆင်ရေးရဲ့ ဒုတိယအဆင့် ဖြစ်တယ်လို့ဆိုပါတယ်။ ပြည်နယ်တစ်ခုစီမှာ ရဲတပ်ဖွဲ့က စစ်ဆင်ရေးလုပ်ဆောင်မှု အခြေအနေတွေကို ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် အချိန်နဲ့တစ်ပြေးညီ တင်ခဲ့ကြကြောင်းလည်း သိရပါတယ်။

"လူသတ်သမားတွေကို အကျဉ်းချထားခြင်းဖြင့် နောက်ထပ် ရာဇဝတ်မှုတွေမဖြစ်အောင် ကာကွယ်ဖို့ မျှော်လင့်ပါတယ်" လို့ ရဲတပ်ဖွဲ့က Twitter မှာ ပြောထားပါတယ်။ ယမန်နှစ် သြဂုတ်လအတွင်း Operation Cronos ရဲ့ ပထမအဆင့် လုပ်ဆောင်ခဲ့စဉ်မှာလည်း လူသတ်မှု၊ လိင်ခွဲခြားဆက်ဆံမှုနဲ့ဆက်နွယ်တဲ့ သတ်ဖြတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အခြား ရာဇဝတ်မှုများဖြင့် သံသယရှိသူ ၃,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ လိင်ခွဲခြားဆက်ဆံမှုနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခြင်းကို အလေးအနက် စိုးရိမ်ကြောင်း Inter-America n Commission on Human Rights လူ့အခွင့်အရေးအုပ်စုက ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ယခုနှစ်အတွင်း လက်ရှိအချိန်မှာပင် လိင်ခွဲခြားဆက်ဆံမှုအခြေခံ အကြမ်းဖက်မှုအတွင်း အမျိုးသမီး ၁၂၆ ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း AFP သတင်းမှာဖော်ပြပါတယ်။

No comments:

Post a Comment