Thursday, May 30, 2019

ဝန်ကြီးချုပ်ရာထူး ဆက်ခံမည့်သူအား ဘရိတ်ဇစ် သဘောတူစာချုပ်ရအောင် ကြိုးစားရန် ထရီဇာမေတိုက်တွန်း

ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ကြေညာပြီးနောက် ရက်ပိုင်းအကြာတွင် ဥရောပနိုင်ငံများမှ အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော ထရီဇာမေက သူမ၏ရာထူးကို ဆက်ခံမည့်သူအား အီးယူမှမြန်မြန်နုတ်ထွက်ရေး လုပ်ဆောင်ရန်တိုက်တွန်းခဲ့ပြီး သဘောတူစာချုပ် လိုအပ်ကြောင်း ပြောကြားလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။ ဘရိတ်ဇစ်ကိစ္စဆွေးနွေးငြင်းခုံရန် မလိုတော့သော အီးယူအစည်းအဝေးသို့ တက်ရောက်လာသော ထရီဇာမေသည် သက်သောင့်သက်သာ ရှိနေပုံရပြီး ကင်မရာများရှိရာသို့ အပြုံးဖြင့်နှုတ်ဆက်ခဲ့သည်။



အစဉ်အလာ နိုင်ငံရေးအုပ်စုကြီးများကို ဩဇာလျော့သွားစေခဲ့သော ဥရောပပါလီမန် ရွေးကောက်ပွဲများအပြီးတွင် လစ်လပ်တော့မည့် ထိပ်တန်းရာထူးများ ခန့်အပ်နိုင်ရေးအတွက် ဥရောပခေါင်းဆောင်များ တွေ့ဆုံစည်းဝေးခဲ့ကြခြင်းဖြစ်သည်။

ထရီဇာမေက သူမနုတ်ထွက်တော့မည်ဖြစ်သော်လည်း ဗြိတိန်၏ အကျပ်ရိုက်နေသော ဘရိတ်ဇစ်လုပ်ငန်းစဉ်အပေါ် အပြုသဘောဆောင်သောကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု ပြောကြားသည်။

သူမ၏နေရာကိုဆက်ခံမည့် ကွန်ဆာဗေးတစ်ပါတီ လုပ်ဖော်ကိုင်ဖက်များသည် နှစ်ဖက်စလုံးက လှေနံဓားထစ် ကိုင်စွဲထားကြသောအမြင်များကို ဖြေရှင်းရန် နည်းလမ်းရှာကြမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန်နှင့် ပါလီမန်တွင် အများထောက်ခံမှုရရှိရန် အလျှော့အတင်းလိုအပ်လိမ့်မည်ဟု ထရီဇာမေက ပြောကြားသည်။

ထရီဇာမေသည် သူမ၏ဘရိတ်ဇစ် စာချုပ်မူကြမ်းကို ပါလီမန်တွင်ထောက်ခံမှုရရန် အကြိမ်ကြိမ် ကြိုးစားမှုရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ရန် ကြေညာခဲ့သည်။

ဝန်ကြီးချုပ်ရာထူး ဆက်ခံနိုင်ခြေရှိသူများထဲမှ ဘောရစ်ဂျွန်ဆန်က ဗြိတိန်သည် စာချုပ်မပါဘဲ နုတ်ထွက်ရေးကို စိုးရွံ့မနေသင့်ကြောင်း ပြောဆိုထားသည်။

ဥရောပပါလီမန်ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သော လူပြိန်းကြိုက် ဘရိတ်ဇစ်ပါတီမှ နီဂျယ်ဖာရက်ကလည်း အလားတူ ပြောဆိုထားသည်။

ဗြိတိန်တွင် ကွန်ဆာဗေးတစ်ပါတီက အဆင့်ငါးရရှိခဲ့သော ဥရောပရွေးကောက်ပွဲများသည် အလွန်အမင်း စိတ်ပျက်အားလျော့စရာဖြစ်ခဲ့သည်ဟု ထရီဇာမေကဝန်ခံသည်။

“ဒီရလဒ်တွေက ဘရိတ်ဇစ်ကို အမှန်တကယ် လုပ်ဆောင်ပေးဖို့ အရေးကြီးကြောင်းကို ပြသနေပါတယ်။ သဘောတူစာချုပ် လက်မှတ်ထိုးပြီးမှ ထွက်တာက အကောင်းဆုံးနည်းလမ်းလို့ ကျွန်မယူဆပါတယ်”ဟု ထရီဇာမေက ပြောကြားသည်။

မေ၏ရာထူးကို ဆက်ခံမည့်သူများထဲမှ အများစုက နုတ်ထွက်စာချုပ်ကို ထပ်မံညှိနှိုင်းရန် တောင်းဆိုထားကြသော်လည်း အီးယူခေါင်းဆောင်များက ထပ်မံညှိနှိုင်းမှု မဖြစ်နိုင်တော့ကြောင်း ပြောဆိုထားပြီးဖြစ်သည်။

အီးယူကော်မရှင် ဥက္ကဋ္ဌ ဂျွန်ကလော့ဂျန်ကာက “ဘရိတ်ဇစ်ကိစ္စ ပြန်လည်ညှိနှိုင်းမှု မရှိတော့ဘူးဆိုတာ သေချာပါတယ်”ဟု ဘရပ်ဆယ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

No comments:

Post a Comment