Thursday, May 30, 2019

အာဆင်နယ်ကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး ချဲလ်ဆီး ယူရိုပါလိဂ်ဖလား ဆွတ်ခူး

Image may contain: 10 people, people smiling, textယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားပါတယ်။ ဒီပွဲကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပတာဖြစ်ပြီး အင်္ဂလန်ကလပ်အသင်း နှစ်သင်းစလုံး မိုင် ၂၅၀၀ လောက် ခရီးနှင်ပြီး လာရောက်ယှဉ်ပြိုင်ရတာပါ။ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဂျရူး၊ ဟာဇက်၊ ပက်ဒရို၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ကန်တေး၊ အီမာဆန်၊ ဒေးဗစ်လူးဝစ်၊ ခရစ်စ်တန်ဆန်၊ အက်ဇ်ပီလီကျူတာနဲ့ နံပါတ်တစ်ဂိုးသမား အာရီဇာဘာလာဂါတို့ကို အသုံးပြုသွားပါတယ်။



အာဆင်နယ်အသင်းကလည်း အဓိက တိုက်စစ်အတွဲဖြစ်တဲ့ အူဘာမီယန်း၊ လာကာဇက်တီတို့နဲ့အတူ အိုဇေးလ်၊ ရှာခါ၊ ကိုလာဆီနက်၊ တော်ရဲယား၊ မိတ်လန်းနိုင်းစ်၊ မွန်ရီယယ်၊ ကိုစီယယ်နီ၊ ပါပါသိုပူးလော့စ်နဲ့ ဂိုးသမားအဖြစ် ပီတာဆက်ခ်ျနဲ့ ပွဲထွက်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ကြပြီး ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ မတိမ်းမယိမ်း ရှိခဲ့ပေမယ့် အခွင့်အရေး အသုံးချနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းက အနိုင်ရသွားတာပါ။

လာမယ့်ရာသီ အသင်းပြောင်းတော့မယ်လို့ သတင်းထွက်နေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက် ခြေစွမ်းပြ နှစ်ဂိုးသွင်းနိုင်ခဲ့သလို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် ဂိုးတွေကို ၄၉ မိနစ်မှာ ဂျရူး၊ မိနစ် ၆၀ မှာ ပက်ဒရို၊ ၆၅ နဲ့ ၇၂ မိနစ်တွေမှာ ဟာဇက်က သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၆၉ မိနစ်မှာ အိုင်ဝိုဘီက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ပါတယ်။

No comments:

Post a Comment