Thursday, May 30, 2019

မြန်မာ့သစ်လုပ်ငန်းမှ သစ်အခြေပြု အငယ်စား အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများအတွက် သစ်လုံး/ခွဲသားသစ် တန်ငါးရာကျော်ကို ဇွန်လ တတိယပတ်တွင် အိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်အခြေပြု အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တန်ချိန်ပေါင်း ငါးရာကျော်ကို ဇွန်လ တတိယပတ်တွင် အိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ စုံစမ်းသိရသည်။

အဆိုပါ သစ်အခြေပြု အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း (MSME) များအတွက် ဖွံ့ဖြိုးတိုးတက်စေပြီး သစ်ကုန်ကြမ်းများ တရားဝင်ရရှိစေရန် ရည်ရွယ်၍  အိတ်ဖွင့်လေလံနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို မြန်မာ့သစ်လုပ်ငန်းမှ လုပ်ငန်းရှင်များနှင့် ဇန်နဝါရီ ၃၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယခုဘဏ္ဍဍနစ်အတွင်း မြန်မာ့သစ်လုပ်ငန်း (မန္တလေး)က MSME လုပ်ငန်းများအတွက် သစ်မျိုးစုံ တန်ချိန် ၅၄၀ဝ ကျော် လေလံတင် ရောင်းချရန် မျှော်မှန်းထားပြီး ပထမအကြိမ်တွင် မတ် ၂၈ ရက်က သစ်တန် ၄၅၀ ကျော် ရောင်းချခဲ့ရာ တန် ၃၀ဝ ကျော်သာ လေလံအောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အလတ်စား၊ အသေးစား လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ တိုးတက် မြင့်မားလာဖို့နဲ့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲ တစ်ခုဖြစ်နေတဲ့ ကုန်ကြမ်းရရှိရေးကို မြန်မာ့သစ်လုပ်ငန်းကနေ ဘာတွေ ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ မြန်မာ့သစ်လုပ်ငန်းအနေနဲ့ အတတ်နိုင်ဆုံး သစ်ထုတ်လုပ်မှုတွေကို လျှော့ချ ဆောင်ရွက်နေရပြီး သစ်ခွဲသား ရှားပါးနေတဲ့ ကြားထဲကပဲ သစ်လုပ်ငန်းရှင်တွေအတွက် ဘယ်လို ဖြည့်ဆည်း ဆောင်ရွက်ပေးရင် အဆင်ပြေနိုင်မလဲ ဆိုတာကို စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်” ဟု  မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။


အဆိုပါ သစ်လေလံရောင်းချမှုတွင် သစ်အခြေပြု အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်သည့် ပန်းပု၊ ပရိဘောဂ၊ သစ်အချောထည်နှင့် သစ်စက်လုပ်ငန်းများ ပါဝင်ပြီး  သစ်ရောင်းချပေးမည့် အစီအစဉ်ကို သစ်တောဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ သမဝါယမ ဦးစီးဌာနတို့က ခွင့်ပြုပေးထားသည့် လုပ်ငန်းများကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အရင်က SME အတွက် ရောင်းချပေးဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းကျ MSME အတွက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ ပထမအကြိမ်က တန် ၄၅၀ လောက် လေလံပစ်ခဲ့ပြီး တန် ၃၀ဝ ကျော်လောက် အောင်ခဲ့ပါတယ်။ ဒုတိယအကြိမ် တတိယအကြိမ် လေလံပုံတေ ထိုင်ပြီး ဈေးကြမ်းခင်းဈေး ရေးပြီး ရုံးချုပ် အတည်ပြုချက် စောင့်နေပါတယ်။ ရုံးချုပ် အတည်ပြုပြီး ဒုတိယအကြိမ် လေလံကို ဇွန်လ တတိယပတ်လောက် လေလံပစ်မှာပါ။ သစ်တန် ၅၂၀ ကျော် လျာထားပါတယ်။ တတိယအကြိမ် အတွက်လည်း တင်ထားပြီးပြီ။ အတည်ပြုချက်ရရင် ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။ တစ်ခုနဲ့တစ်ခု ကြာနေတာက ဖမ်းဆီးရမိတဲ့ သစ်ရော သစ်ထုတ်လုပ်ရေးက သစ်တွေကို လုပ်ငန်းရှင်တွေ အဆင်ပြေနိုင်မည့် သစ်ပုံအသေးတွေ သစ်တန် ၁၀ တန် စသဖြင့် အဲဒီ လိုမျိုးတွေ ပုံပြီး သစ်ဆပ်မှာ နေရာကျယ်တော့ ပုံပေးရတာနဲ့ သစ်မျိုးစုံ အတန်အစား အမျိုးမျိုး သေသေချာချာ စိစစ်နေတဲ့အတွက် အနည်းငယ် ကြာသွားတာပါ။ မကြာခင် ဆက်လက်ပြီး ရောင်းချပေးသွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။

အဆိုပါ သစ် အိတ်ဖွင့်အောင်မြင်သူသည် လေလံ အောင်မြင်သည့် လုပ်ငန်း တည်နေရာ၌သာ ကုန်ကြမ်းအဖြစ် အသုံးပြုရမည် ဖြစ်ပြီး လေလံ အောင်မြင်သူ အမည်ပြောင်းလဲခွင့် ပြုမည်မဟုတ်ကြောင်း လေလံ စည်းကမ်းတွင် ထည့်သွင်းထားသည်။

 လေလံပြေစာ သက်တမ်းမှာ တစ်နှစ် ဖြစ်ပြီး တစ်နှစ် ကျော်ပါက သက်တမ်း ပထမ ခြောက်လ ထပ်မံ၍ ဒုတိယ ခြောက်လအထိ ပြည်တွင်း ရောင်း/စက် (ရုံးချုပ်)တွင် လျှောက်ထားရမည် ဖြစ်ကြောင်း၊ ပြေစာ သက်တမ်း နှစ်နှစ်ပြည့်ပြီး ထပ်မံ သက်တမ်းတိုး လျှောက်ထားခြင်းအား မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့မှ ပူးပေါင်း စစ်ဆေးပြီးမှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊လေလံ အောင်မြင်သူများကို ပြေစာ ဖွင့်လှစ်ပေးရာတွင် တင်ဒါ တင်သွင်းစဉ် ပူးတွဲပါရှိသည့် နေရပ်လိပ်စာအတိုင်း သယ်ဆောင်ရမည်ဖြစ်ပြီး ကုန်ချောအဖြစ် ပြောင်းလဲပြီးမှသာ သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း လေလံ စည်းကမ်းချက်များတွင် ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment