Thursday, May 30, 2019

အိမ်ဖြူတော် အနီးမှာ လူတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့

အမေရိကန် သမ္မတ နေထိုင်ရာ အိမ်ဖြူတော် အပြင်ဖက်မှာ လူတစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ေ မလ ၂၉ ရက်က ဖြစ်စဉ်ကို မျက်မြင်တချို့က ဗီဒီယို ရိုက်ယူပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာဖော်ပြခဲ့ပါတယ်။ ဗီဒီယိုတွေအရ လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ မီးတွေ တောက်လောင်နေပြီး ရဲတွေက အလျင်အမြန် ကူညီ ငြှိမ်းသတ်နေတာကို တွေ့ရပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော် ရဲတပ်ဖွဲ့နဲ့ အမျိုးသား ဥယျာဉ်များဌာန တာဝန်ရှိသူတွေက ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ပန်းခြံအနီးမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တဲ့ အမျိုးသားကို ကယ်ဆယ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။
အခုလုပ်ရပ်မျိုး ဘာကြောင့် ကျူးလွန်သလဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ အီလစ်ပ်စ် ပန်းခြံမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့တဲ့ အမျိုးသားကို ဆေးရုံ တင်ပို့ပေးထားကြောင်း ရဲတပ်ဖွဲ့က ပြောပေမယ့် နောက်ဆက်တွဲ အချက်အလက်တွေကိုတော့ မှတ်ချက် မပေးသေးပါဘူး။

ဧပြီလ ၁၂ ရက်တုန်းကလည်း ဘီးတပ် ကုလားထိုင်နဲ့ အမျိုးသား တစ်ဦးဟာ အိမ်ဖြူတော် စည်းရိုးနားမှာ ကိုယ်ဝတ်ထားတဲ့ ဂျာကင်ကို မီးတင်ရှို့ခဲ့ဖူးပါတယ်။ အဲဒီ အမျိုးသားက မီးလောင် ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက် အန္တရာယ် စိုးရိမ်ရတဲ့ထိတော့ မဖြစ်ခဲ့ဘူးလို့ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment