Thursday, May 30, 2019

ဗင်နီဇွဲလား အလှည့်ကျဥက္ကဋ္ဌ နေရာယူမည့် လက်နက်ဖြုတ်သိမ်းရေး ဖိုရမ်ကို အမေရိကန် မတက်

ကုလသမဂ္ဂက စီစဉ်ပြီး ဗင်နီဇွဲလားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် နေရာယူမယ့် လက်နက်ဖြုတ်သိမ်းရေး ဖိုရမ်ကို မေလ ၂၈ ရက်မှာ အမေရိကန်က မတက်ရောက်ဘဲ ထွက်ခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ နှစ်စဉ်ကျင်းပတဲ့ ဖိုရမ်ကနေ ထွက်လာခဲ့တာပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ဒီလိုပုံစံ နိုင်ငံတွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တာမျိုးကို တားနိုင်ဖို့ ကြိုးစားနိုင်သမျှ ကြိုးစားရမှာပဲလို့ အမေရိကန် လက်နက်ဖြုတ်သိမ်းမှုဆိုင်ရာ သံအမတ်ကြီး ရောဘတ်ဝုဒ်က ဖိုရမ်ကနေ ထွက်လာအပြီး သတင်းထောက်တွေကို ပြောပါတယ်။



ကြားဖြတ်သမ္မတ ဟွမ်ဂွယ်ဒိုရဲ့ ကိုယ်စားလှယ်က ဒီဖိုရမ်ထဲမှာရှိပြီး သဘာပတိနေရာမှာ ထိုင်နေသင့်တာလို့ ဝုဒ်က ပြောပါတယ်။

အမေရိကန်၊ လက်တင်အမေရိကနဲ့ ဥရောပနိုင်ငံ အများစုက ဗင်နီဇွဲလား ခေါင်းဆောင်အဖြစ် ဟွမ်ဂွယ်ဒိုကို အသိအမှတ် ပြုထားတာပါ။

ဒါပေမယ့် လက်ရှိသမ္မတ မာဒူရိုက အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ထားပြီး စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ၊ ရုရှား၊ ကျူးဘားနဲ့ တရုတ်တို့ရဲ့ ထောက်ခံမှုကို ရထားပါတယ်။

မာဒူရိုက ဟွမ်ဂွယ်ဒိုကို အမေရိကန်ရဲ့ ရုပ်သေးလို့ ပြောပြီး ရုရှားကိုယ်စားလှယ်ကတော့ အမေရိကန်ဟာ လက်နက်ဖြုတ်သိမ်းရေး ညီလာခံ လုပ်ငန်းစဉ်ထဲကို နိုင်ငံရေး လာမွှေနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ မနှစ်ကလည်း ဆီးရီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ဒီဖိုရမ်ကို မတက်ဘဲ ထွက်ခဲ့ဖူးပါတယ်။

No comments:

Post a Comment