Thursday, May 30, 2019

စက်ရုပ်ကလေးတွေ စာသင်ပေးတဲ့အခါ

ဖင်လန်နိုင်ငံတောင်ပိုင်းက တမ်ပရေမြို့လေးက မူလတန်းကျောင်းတစ်ကျောင်းထဲမှာ ကလေးတွေနဲ့ သူတို့ရဲ့ ဆရာတို့ အပြန်အလှန်ဆွေးနွေးနေပါတယ်။ အင်္ဂလိပ်စာ သင်ကြားပို့ချနေတဲ့ သူတို့ရဲ့ ဆရာဆီကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တိုင်းအပြည့်အဝအာရုံစူးစိုက်နေကြပါတယ်။ ပြီးတော့ ကလေးတွေအားလုံးပျော်ရွှင်နေပုံပေါ်ပါတယ်။ ဒါက ကျောင်းသားဗဟိုပြုအရည်အသွေးမြင့်စာသင်ခန်းတွေမှာ တွေ့ရတတ်တဲ့ ပုံမှန်မြင်ကွင်းမျိုးပါပဲ။ ပုံမှန်မဟုတ်တဲ့ အခြေအနေက တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဆရာဖြစ်သူက လူသားတစ်ယောက်မဟုတ်ဘဲ အရပ် ၃ ပေ ဝန်းကျင်သာရှိတဲ့ စက်ရုပ်ကလေး တစ်ခု ဖြစ်နေတာပါပဲ။

ပြီးခဲ့တဲ့နှစ် မေလလောက်စလို့ အဲဒီကျောင်းလေးမှာ စက်ရုပ် ဆရာနှစ်ယောက်ကို ကလေးတွေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ စက်ရုပ်လေး တွေ နာမည်ကို အိလိရက်စ်နဲ့ အိုဗိုဘော့တ်လို့ အသီးသီးနာမည်ပေးထား တယ်။ အိုဗိုဘော့တ်က သင်္ချာဘာသာ သင်ကြားတဲ့ စက်ရုပ်လေးဖြစ်ပြီး အိလိရက်စ်ကတော့ ဘာသာစကားသင်ဖို့ တာဝန်ယူထားပါတယ်။ တကယ်တော့ သူတို့ဟာ ပညာရေးကဏ္ဍမှာ စက်ရုပ်တွေရဲ့ အထောက် အပံ့ကို ဘယ်လောက်ထိ ရယူနိုင်မလဲဆိုတာကို ဆန်းစစ်ဖို့ စမ်းသပ်အ ဆင့် တီထွင်ဖန်တီးထားတဲ့ ပရောဂျက်တွေ ဖြစ်ပါတယ်။

ပညာရှင်တွေက လူတူ စက်ရုပ်လေး အိလိရက်စ်ရဲ့ သက်ရောက်မှုကို ပိုပြီးအလေးထားလေ့လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာ စကား သင်ကြားမှုဆိုတာက အပြန်အလှန်ဆက်သွယ်မှုရဲ့ အခြေခံအကျဆုံး နည်းလမ်းဖြစ်တာကြောင့် စက်ရုပ်တွေက ဘယ်လောက်အတိုင်း အတာထိ စွမ်းဆောင်နိုင်မလဲဆိုတာကို အဖြေရှာချင်တာကြောင့်ပါ။ အိလိရက်စ်ဟာ  အင်္ဂလိပ်၊ ဖင်လန်၊ ဂျာမန် အပါအဝင် ဘာသာစကား ၂၃ မျိုးထိ သင်ကြားပေးနိုင်စွမ်းရှိပါတယ်။ ကလေးတွေကိုလည်း နှုတ်မှု စွမ်းရည် ပိုကောင်းအောင် စက်ရုပ်ကလေးက တိုက်တွန်းလေ့ရှိပြီး သူတို့ တွေ ပျင်းနေရင်လည်း နာမည်ကြီး Gangnam Style သီချင်းနဲ့ ကပြ ဖျော်ဖြေတတ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသည်းစွဲ  ဆရာတစ်ယောက်ဘဝကို မြန်မြန်ဆန်ဆန် ရောက်လာပါတော့တယ်။

ဒီစက်ရုပ်လေးတွေကို NAO လူတူစက်ရုပ် ကုမ္ပဏီက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Sofware ကုမ္ပဏီတစ်ခုဖြစ်တဲ့ Utelias ကလည်း နည်း ပညာပိုင်း ပါဝင်ပံ့ပိုးထားတယ်။ ကလေးတွေရဲ့အမြင်မှာတော့ သူတို့ဟာ ကစားစရာ အရုပ်လေးတွေလိုပါပဲ။ အိလိရက်စ်နဲ့ အပြန်အလှန် ဆက် သွယ်ရင်း၊ စကားပြောရင်း ကလေးတွေက သက်ဆိုင်ရာ ဘာသာရပ်ကို သင်ယူမှန်းမသိဘဲ သင်ယူပြီးသား ဖြစ်လာစေပါတယ်။

ဒီတော့ မေးစရာရှိတာက စက်ရုပ်ကျောင်းဆရာတွေဟာ လူသား ကျောင်းဆရာ၊ ဆရာမတွေထက် ပိုမိုသာလွန်နေသလားဆိုတဲ့ ကိစ္စပါ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ အဆင့်မြင့်ပညာရပ်တွေကို စက်ရုပ်တွေက သင်ကြားပို့ချနိုင်ဖို့ဆိုတာဟာ အတော်ကြီးအလှမ်းကွာဝေးနေဆဲ ကိစ္စပါ။ဒါပေမဲ့ ကလေးတွေကို စာသင်တဲ့ နေရာမှာ၊ အထူးသဖြင့် ဘာသာစကား သင်ကြားတဲ့ နေရာမှာတော့ အဆင်ပြေနေတယ်လို့ ပြောရပါမယ်။

‘‘ကလေးတွေအတွက်တော့ စက်ရုပ်လေးနဲ့ ကစားနေသလိုပဲလေ။ ဒီတော့ သူတို့နဲ့ စိမ်းနေတဲ့ ဘာသာစကားရဲ့ ဝေါဟာရတစ်ခုခုကို ထုတ်ပြောလို့ မှားသွားတာမျိုးဖြစ်မှာကို မစိုးရိမ်ဘူး။ ပိုပြီးသတ္တိရှိရှိ ပြောတတ်တယ်။ ဆရာရှေ့မှာ မှားသွားမှာ စိုးရိမ်တတ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေသေးတဲ့ ကလေးတွေအတွက်တော့ အတော်အဆင်ပြေတဲ့ နည်းလမ်းမျိုး ဖြစ်ပါတယ်’’လို့ ကျောင်းရဲ့ ဘာသာရပ် ဆရာတစ်ဦးဖြစ်တဲ့ ရစ်ကာကူလန်ဆာကာက မှတ်ချက်ပေးခဲ့ပါတယ်။

အခုတော့ စာသင်နှစ် တစ်နှစ်ပြီးဆုံးခဲ့ပါပြီ။ စက်ရုပ်လေးတွေရဲ့ ပါဝင်သင်ကြားမှုဟာ ကောင်းကျိုးသက်ရောက်မှု တော်တော်များများရှိ တဲ့အတွက် စမ်းသပ်မှု ရလဒ်အောင်မြင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ NAO က ပညာရှင်တွေကတော့ ဒီလောက်နဲ့ မကျေနပ်သေးပါဘူး။ အိလိ ရက်စ်ဟာ သမားရိုးကျ ဘာသာစကားသင်ကြားပေးရုံမကပဲ ကလေး တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်ကို အရိပ်အကဲစောင့်ကြည့်တတ်တဲ့ ဉာဏ်ရည်တုမျိုးပါ ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။ စက်ရုပ်ကျောင်းဆရာက ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေကို နားလည်နေတဲ့အခါ ဘာသာစကား သင်ကြားပို့ချတဲ့အခါမှာ ပိုပြီးထိရောက်အောင်မြင်နိုင် တယ်လို့ ပညာရှင်တွေက ရှင်းပြပါတယ်။

ဒီလို တစ်ဆင့်တက်နိုင်ဖို့အတွက် စက်ရုပ်ရဲ့ ကွန်ပျူတာ ဦးနှောက်ကို အဆင့်မြှင့်ပြီး Buit-in ကင်မရာတွေနဲ့ ချိတ်ဆက်ပေးရပါတယ်။ အဲဒီ ကင်မရာတွေက ကလေးတစ်ယောက်ချင်းရဲ့ မျက်နှာကို အမြန်ဆုံး Scanဖတ်ပြီး အခြေခံမျက်နှာ အမူအရာလှုပ်ရှားမှုတွေနဲ့ တိုက်ဆိုင်ပြီး ဝမ်း နည်းနေသလား၊ ပျော်နေလား၊ မဝံ့မရဲ ဖြစ်နေသလားဆိုတာတွေကို  ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာသင်နှစ်အသစ်မှာ ကလေးတွေ အနေနဲ့ ပိုပြီးမျက်နှာရိပ် မျက်နှာကဲ နားလည်တဲ့ စက်ရုပ်ကျောင်းဆရာ တွေနဲ့ စာသင်ခွင့်ရတော့မယ့် သဘောပါပဲ။

တိုးတက်မှုတွေ ဆက်တိုက်မြင်နေရပေမယ့် NAO ရဲ့ ပညာရှင် တွေကတော့ ရောင့်ရဲမနေပါဘူး။ အခုအခါမှာ အိလိရက်စ်အနေနဲ့ မျက် နှာအရိပ်အကဲကိုသာမက ခေါင်းခါတာ၊ သမ်းဝေတာ အစရှိတဲ့ တခြားကိုယ်အမူအရာတွေကိုပါ ထောက်လှမ်းနားလည်နိုင်အောင် နောက်တစ်ဆင့် မြှင့်တင်ဖို့ ကြိုးစားနေပြန်ပါပြီ။ ဒါကြောင့် လာမယ့်စာသင်နှစ် တစ် နှစ် ထပ်ရောက်ရင် ပိုပြီးလူလားမြောက်လာတဲ့ စက်ရုပ်ကျောင်းဆရာ လေးကို ထပ်တွေ့နိုင်ဖို့ နီးစပ်နေပြန်ပါတယ်။

ပညာရေးကဏ္ဍမှာ လူသားတွေအစား စက်ရုပ်တွေနဲ့ အစားထိုးဖို့ ဆိုတာက မူဝါဒပိုင်း၊ အတွေးအခေါ်ပိုင်းကျကြည့်ရင်တော့ အမျိုးမျိုး ငြင်းခုံစရာတွေ ရှိပါလိမ့်မယ်။ အမှန်အမှား သဘောထားကွဲလွဲမှုတွေ ရှိပါလိမ့်မယ်။ ဒါက ကိုယ်ပိုင် ရွေးချယ်မှုပါ။ လောလောဆယ်တော့ တမ် ပရေမြို့ မူလတန်းကျောင်းကလေးက စက်ရုပ်သင်ကြားရေး ဝန်ထမ်းတွေရဲ့ အကူအညီကို ထိထိရောက်ရောက် အသုံးချနေနိုင်ပါပြီ။ ဒါကို တော့ ငြင်းစရာမလိုပါဘူး။ ကလေးတွေက သူတို့ရဲ့ လူသား ဆရာ၊ဆရာမတွေကို ချစ်ခင်လေးစားသလို စက်ရုပ်ကျောင်းဆရာလေးတွေကို လည်း ခင်မင်တွယ်တာနေတာ အထင်အရှားပဲ ဖြစ်ပါတယ်။

No comments:

Post a Comment